အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လည်ခေါင်မှာ မနေ့ညက ထိုင်းပြည်သူတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပူးပေါင်းအင်အား ၂၀၀ ကျော်က ဒန်အိုး၊ ဒန်ခွက်တွေနဲ့ အိုးခွက်ပန်းကန်တွေတီးကာ စစ်အာဏာရှင်တွေကို မောင်းထုတ်ဆန္ဒပြခဲ့ ကြပါတယ်။
အဆိုပါ ဆန္ဒပြပွဲကို “ စားစရာမရှိတဲ့ ပြည်သူတွေပူးပေါင်းပြီး အိုးခွက်တီးကာ အာဏာရှင်ကို တော်လှန်ကြ ” လို့အမည်ပေးထားပြီး ဘန်ကောက် ဖယားထိုင်းနယ်မြေ ပထုမ်ဝမ်းလမ်းဆုံမှာ ကျင်း ပခဲ့တာပါ။
ဒီမတိုင် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ဘန်ကောက် ဆနမ်လုံကွင်းပြင် လူထုဆန္ဒပြပွဲမှာ ထိုင်းဆန္ဒပြ ခေါင်းဆောင် ၄ ဦး တရားစွဲခံထားရပြီး မနေ့ကတော့ သူတို့ ၄ ဦးကို အချုပ်ခန်းထဲထည့်ထားဖို့ တရားရုံးကဆုံးဖြတ်လိုက်တာကြောင့် အဲဒီကိစ္စပေါ် မကျေနပ်ဘဲ ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြသူ တွေက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ အိုးခွက်ပန်းကန်တွေ ၊ ပုံးတွေကို တီးခတ်ကြသလို တီးဝိုင်းပါထားရှိပြီး စင်ပေါ်ကနေလည်း အာဏာရှင်အလိုမရှိကြောင်း ရှုတ်ချဟောပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ တဝန်းမှာလည်း ညစဉ် ၈ နာရီရောက်တိုင်း မြန်မာပြည်သူတွေက အာဏာသိမ်း စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ဒန်အိုးဒန်ခွက်တွေတီးပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သင်္ကေတပါ ဝတ်စုံတွေဝတ်ပြီး အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြတဲ့နေရာအနီးတဝိုက်မှာ ရဲအင်အား ၅၀၀ ကျော် ချထားပြီး ဆန္ဒလာပြမယ့်သူတွေကို လက်နက်စစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် ပထုမ်းဝမ်းနယ်မြေရဲစခန်းက ရဲမှူးကြီး ဖန်းဆာ အမရာဖိထပ်ကိုယ်တိုင် ရောက်ရှိလာပြီး ဒီဆန္ဒပြမှုဟာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ဥပဒေ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးဥပဒေတွေနဲ့ မညီညွတ်ကြောင်း၊ ဆန္ဒပြသူတွေအနေနဲ့ ဥပဒေကို လေးစားလိုက်နာဖို့ မေတ္တာရပ်ခံကြောင်း၊ ဆန္ဒပြပွဲ ရုပ်သိမ်းဖို့ လော်စပီကာနဲ့ လာအော်ပြော တာကြောင့် ဆန္ဒပြသူတွေဟာ မကျေမနပ်နဲ့ အိမ်ပြန်ခဲ့ရတယ်လို့ ဒေးလီနယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
********************************************
END / 251
၁၁ ဖေဖော်ဝါရီ ၂၀၂၁ - ၁၆:၄၃
News ID: 1114428
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လည်ခေါင်မှာ မနေ့ညက ထိုင်းပြည်သူတွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ပူးပေါင်းအင်အား ၂၀၀ ကျော်က ဒန်အိုး၊ ဒန်ခွက်တွေနဲ့ အိုးခွက်ပန်းကန်တွေတီးကာ စစ်အာဏာရှင်တွေကို မောင်းထုတ်ဆန္ဒပြခဲ့ ကြပါတယ်။