အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဖေဖေါ်ဝါရီ ၁ရက်နေ့ကတည်းက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြသူတွေအပေါ် မြန်မာစစ်အာဏာသိမ်းအာဏာပိုင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ အရှိန်မြင့်လာ သလို ကမ္ဘာလုံးဆိုင်ရာရှုတ်ချမှုတွေနဲ့ ကျင့်သားရနေတဲ့ စစ်တပ်ခေါင်းဆောင်တွေအပေါ် ဘယ်လိုသြဇာလွှမ်းမိုးအောင်လုပ်ရမလဲဆိုတဲ့ အခက်အခဲ ရှိနေပေမယ့် လည်း ကမ္ဘာ့နိုင်ငံတွေက မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့ဖိအားပေးမှုတွေလည်း မြင့်တက်လာနေပါတယ်။
တရုတ်ကစတင်လိုက်တဲ့ ဗိုင်းရပ်စ်ကပ်ရောဂါဘေးကြောင့် စီးပွားရေးအခြေအနေတွေဆိုးရွားပြီး ဒုက္ခခံစားနေရတဲ့ သာမန်ပြည်သူလူထုအပေါ် ထိခိုက်မှုတွေဖြစ်လာနိုင်မှာကိုစိုးရိမ်ပြီး ခက်ခဲတဲ့စိန်ခေါ်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာပြည်သူလူထုဟာ အဖမ်းဆီးခံ အသတ်ဖြတ်ခံ ဒဏ်ရာတွေရရှိနိုင်တဲ့ အန္တရာယ်တွေအပေါ် စိုးရွံကြောက်ရွံခြင်းမရှိပဲ စစ်အာဏာသိမ်းခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း စစ်အာဏာရှင်ခေါင်းဆောင်တွေအပေါ် ပြင်းပြင်းထန်ထန်ဖိအားပေးနိုင်တဲ့ နည်းလမ်းတွေလည်းရှိနေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကဆိုပါတယ်။ ဒီနည်းလမ်းတွေကတော့ အထူးသဖြင့် ဘဏ္ဍာရေး ရန်ပုံငွေအရင်းအမြစ်တွေကိုဖြတ်တောက်ပစ်တာ ဖိနှိပ်ဖို့လက်နက်ကိရိယာတွေဝယ်ယူနိုင်ခြင်းမရှိအောင် တားဆီးနိုင်ဖို့တွေပဲဖြစ်ပါတယ်။
လူပေါင်း၅၀ကျော်သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့တဲ့ စစ်အာဏာသိမ်းအစိုးရရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေနဲ့ပတ်သက်ပြီး အရေးယူမှုတွေလုပ်ဖို့ ကုလအထူးသံတမန်ကလည်း သောကြာနေ့က လုံခြုံရေးကောင်စီကိုတိုက်တွန်းပြောကြားခဲ့ပါတယ်။ “ထိရောက်တဲ့အရေးယူမှုတွေ အရေးတကြီးလုပ်ဆောင်သွားဖို့လိုပါတယ်။ မြန်မာစစ်တပ်ကိုဒီအပြစ်ဒဏ်ကနေလွတ်အောင် ဘယ်လောက်ကြာကြာခွင့်ပြုနေဦးမှာလဲ” လို့ ကုလအထူးသံတမန်ခရစ္စတင်းရှရန်နာဘူရ်ဂါနာက လုံခြုံရေးကောင်စီ အစည်းအဝေး မှာ ပြောကြားခဲ့ပါတယ်။
ကုလကအရေးယူမှုတွေလုပ်ဆောင်သွားဖို့က ခက်ခဲနေပါတယ် အကြောင်းက လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ရုရှားက ဗီတို အာဏာသုံးနေတာကြောင့်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အကြီးမားဆုံးကုန်သွယ်ဖက်နိုင်ငံတွေကလည်း ရင်းနှီးမြုပ်နှံမှုတွေကြောင့် အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ ဝန်လေးနေကြပါတယ်။ တစ်ခုချင်းစီအရေးယူမှုတွေလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ ဗြိတိန် အမေရိကန် ကနေဒါတို့က မြန်မာစစ်တပ်ခေါင်းဆောင်တွေ သူတို့ရဲ့မိသားစုတွေနဲ့ စစ်အာဏာသိမ်းမှုမှာ ပါဝင်တဲ့တစ်ခြားထိပ်တန်းခေါင်းဆောင်တွေအပေါ် အမျိုးမျိုးသောတင်းကျပ်အရေးယူမှု တွေလုပ်ဆောင်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်မှာအပ်နှံထားတဲ့ မြန်မာဗဟိုဘဏ်ရဲ့အရန်ငွေ ဒေါ်လာ ၁ဘီလီယံကို ထုတ်ယူဖို့စစ်တပ်ရဲ့ကြိုးပမ်းမှုကိုလည်း အမေရိကန်ကပိတ်ဆို့ခဲ့ကြောင်း အမေရိကန် အစိုးရဌာနရုံးက သောကြာနေ့ကအတည်ပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာစစ်တပ်ရဲ့စီးပွားရေးအကျိုးစီးပွားအများစုဟာ သိပ်ပြီးထိပ်တိုက်တွေ့ခံရခြင်းမရှိဘူး လို့မြန်မာနိုင်ငံကလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် သောမတ်စ်အန်ဒရူးစ်က ပြီးခဲ့တဲ့အပတ်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာပြောကြားထားပါတယ်။ တစ်ချို့နိုင်ငံတကာအစိုးရတွေက ရန်ပုံငွေထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့သလို ကမ္ဘာ့ဘဏ်ကလည်း ရန်ပုံငွေထောက်ပံ့မှုတွေကိုဆိုင်းငံ့လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအရေးယူပိတ်ဆို့မှုတွေဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာ ရှင်းလင်းမှုမရှိသလို သဘောတရားအရအရေးပါပေမယ့်လည်း အများကြီးထိရောက်မှုတွေရှိရမှာဖြစ်ပါတယ် လို့ ရှရန်နာက ကုလသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ စစ်အာဏာ သိမ်းမှုနဲ့ပတ်သက်ကြီး အရေးယူမှုတွေအများအပြားရှိလာလိမ့်မယ်လို့ စစ်တပ်ခေါင်းဆောင်တွေကို သူမကပြောကြားခဲ့ပေမယ့် သူတို့ဟာဒီလို အရေးယူ ပိတ်ဆို့မှုတွေနဲ့ ကျင့်သား ရခဲ့ကြောင်းနဲ့ အတိတ်ကာလမှာလည်းဖြတ်ကျော်နိုင်ခဲ့ကြောင်း ပြောခဲ့တယ်လို့ သူမကပြန်လည်ပြောပြခဲ့ပါတယ်။
စစ်တပ်နဲ့ဆက်နွယ်နေတဲ့ မြန်မာကုမ္ပဏီအများအပြားကို ပိတ်ပင်မှုတွေလုပ်ဆောင်သွားဖို့ ပြည်သူလူထုကိုစောင့်ကြည့်စစ်ဆေးမှုတွေနဲ့ အကြမ်းဖက်မှုတွေလုပ်ဖို့မြန်မာစစ် အာဏာပိုင်တွေ အသုံးချနေတဲ့ နည်းပညာတွေ ထုတ်ကုန်တွေ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းချမှုတွေကိုပါ ပိတ်ပင်သွားဖို့ အန်ဒရူးစ်၊ ကျွမ်းကျမ်း ပညာရှင်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။ စစ်အာဏာသိမ်းအစိုးရက ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေလုပ်နိုင်တဲ့ ပစ္စည်းကိရိယာတွေထောက်ပံ့ပေးနေတဲ့ တစ်ဒါဇင်ခန့်ရှိတဲ့ နိုင်ငံခြားကုမ္ပဏီစာရင်းကိုလည်း တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar က ထုတ်ပြန်ခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန သယ်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနတို့ကနေရရှိတဲ့ ဘက်ဂျက်အထောက်အထားစာရွက်စာတမ်းတွေအရ အမေရိကန် အစ္စရေး အီးယူ ဂျပန်နဲ့ တစ်ခြားနိုင်ငံတွေကနေ မှုခင်းဆေးပညာအချက်အလက်တွေ ခြေရာခံလိုက်တဲ့နည်းပညာတွေ ပတ်စ်ဝေါ့ပြန်လည်ရယူတာ ဒရုန်းလက်နက်တွေနဲ့ တစ်ခြားပစ္စည်းကိရိယာတွေ ဝယ်ယူခဲ့တာတွေကိုပြသနေပါတယ်။ ဒီနည်းပညာတွေဟာ လူကုန်ကူးမှုအရေးးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ အသုံးပြုဖို့ဖြစ်ပေ မယ့် လက်ရှိမှာတော့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေကို အွန်လိုင်းကော အပြင်မှာပါ ခြေရာခံဖို့ အသုံးချခံနေရပြီဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဦးပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတို့အပါအဝင် မြန်မာစစ်တပ်ပိုင်ဆိုင်မှုအများအပြားရှိတဲ့ စီးပွားရေးကော်ပိုးရေး ရှင်းတွေကို အကြီးအကျယ်ထိုးနှက်တဲ့ တင်းကျပ်မှုတွေလုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ တင်းကျပ်မှုလုပ်နိုင်တာတစ်ချက်ကတော့ အချက်အချာ ကျတဲ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေရရှိတဲ့အကျိုးအမြတ်တွေနဲ့ နိုင်ငံပြင်ပကဘဏ်တွေမှာ အပ်နှံထားတဲ့ အကောင့်တွေကိုတားဆီးပိတ်ပင်ဖို့ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့ ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်အဖွဲ့ဝင်ဟောင်း ခရစ်စီဒိုတီက ကြာသာပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ဟာ မြန်မာရဲ့အကြီးမားဆုံးတင်ပို့ကုန်ဖြစ်ပြီး တင်သွင်းကုန်တွေအတွက်ပေးချေဖို့ နိုင်ငံခြားဝင်ငွေအတွက် အရေးပါတဲ့ အရင်း အမြစ်ကြီး တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံရဲ့ ၁.၄ ဘီလီယံတန်ကြေးရှိ ရေနံနှင့်သဘာဝလုပ်ငန်းတွေနဲ့ သတ္ထုတွင်းလုပ်ငန်းတွေဟာ နိုင်ငံရဲ့တင်ပို့ကုန်သုံးပုံတစ်ပုံခန့်ရှိပြီး အခွန်အမြောက် အများရရှိနေတဲ့လုပ်ငန်းတွေလည်းဖြစ်ပါတယ်။ “ငွေကြေးထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ရပါမယ် ဒါဟာအရေးတကြီးလုပ်ဆောင်ရမဲ့ ဦးစားပေး အလုပ်ပဲဖြစ်သလို တိုက်ရိုက်ထိရောက်တဲ့ ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်” လို့ အသစ်ထူထောင်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ နိုင်ငံတကာ အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီဒိုတီက ပြောကြားခဲ့ပါတယ်။
“ကံမကောင်းတာကတော့ ဒီလိုလုပ်ဆောင်ဖို့တွေဟာ အချိန်ယူရနိုင်ပါတယ်။ ပြီးတော့ ဒီလိုရက်စက်မှုတွေကျူးလွန်ခံနေရတဲ့အချိန်မျိုးမှာ မြန်မာပြည်သူ ဘက်မှာအချိန်ဆို တာမလွယ်ကူပါဘူး။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာစစ်အာဏာသိမ်းမှုအတွက် တိုက်ရိုက်တာဝန်ရှိသူတွေကို ပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေကြောင်းနဲ့ သူတို့ရဲ့ပေါ်လစီတွေကိုပြန်သုံးသပ်နေတယ်လို့ ဥရောပသမဂ္ဂကလည်းပြောကြားခဲ့သလို ဂျပန်ကလည်းဘာလုပ်ရမယ်ဆိုတာ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့အစည်း(အာဆီယံ) ကလည်း မြန်မာအရေး မတ်လ ၂ရက်နေ့တုန်းကစည်းဝေးပွဲကျင်းပပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေနဲ့ဆွေးနွေးသွားကြဖို့ အာဆီယံဥက္ကဌကနောက်ပိုင်းထုတ်ပြန်ခဲ့ပါတယ်။
Global News သတင်းဌာနပါ Elaine Kurtenbach ရေးသားသည့် “Myanmar coup’s escalating violence raises pressure for more sanctions” အမည်ဖြင့်ဖော်ပြထားသည့်သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251