အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
ဖေဖေါ်ဝါရီ ၁ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုဖြုတ်ချပြီး စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေမြင့်တက်လာနေတာကြောင့် မြန်မာနိုင်ငံတွင်းက ဗြိတိန်နိုင်ငံသားတွေအားလုံး မြန်မာနိုင်ငံကနေထွက်ခွာဖို့ အကယ်၍နိုင်ငံတွင်းက ထွက်လို့မရပါက နေအိမ်မှာသာနေထိုင်ကြဖို့ ဗြိတိန်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။
တစ်ရက်တည်း လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပြည်သူ ၁၂ဦးကိုသတ်ဖြတ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာပဲ ဗြိတိန်ကသူ့နိုင်ငံသားတွေကို တိုက်တွန်းချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ “နိုင်ငံခြားရေးရာ ဗြိတိသျှဓနသဟာယနှင့် ဖွံဖြိုးတိုးတက်ရေးရုံး(FCDO) က အရေးတကြီးကိစ္စနဲ့နေဖို့မရှိရင် မြန်မာနိုင်ငံကနေ ထွက်ခွာကြဖို့ ဗြိတိန်နိုင်ငံသားတွေကို အကြံပြုတိုက်တွန်းခဲ့ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။
“စစ်တပ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးတင်းမာမှုတွေနဲ့ လူထုအုံကြွမှုတွေကျယ်ကျယ်ပြန့်ပြန့်ရှိနေသလို စစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေလည်း မြင့်တက်လာနေပါတယ်” လို့ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတွင်းကစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို ဗြိတိန်ကရှုတ်ချခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လျှောက်ဖို့ ဒီတစ်ပတ်အစောပိုင်းကပဲ တိုက်တွန်းပြောကြားခဲ့ပြီး ထပ်တိုးအရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်သွားဖို့သုံးသပ်လေ့လာမှုတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာပဲ နိုင်ငံတစ်ဝန်းသေဆုံးသူ ၉ဦးထက်မနည်းရှိခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်း မြိုင်မြို့မှာ အသတ်ခံရသူ ၆ဦးပါဝင်ပါတယ်။
မြန်မာအရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ကြာသာပတေးနေ့က လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ပြီး စစ်အစိုးရက လက်နက်မဲ့အရပ်သားဆန္ဒပြသူတွေကို တိုက်ပွဲသုံးလက်နက်တွေအသုံးပြုပြီး ကြိုတင်ကြံစည်သတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း ဖော်ပြထားပါတယ်။
Channel News Asia သတင်းဌာနပါ “Britain urges citizens to leave Myanmar over rising violence” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251