အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
သူမရဲ့ခေါင်းပေါ်မှာ အဖြူရောင်ပဝါစောင်ရှည်ပတ်ထားပြီး ရာနီခန်းဟာ သူမစုဆောင်းထားတဲ့ ငွေကြေးတွေနဲ့ထူထောင်ထားတဲ့ ပါကစ္စတန်ရဲ့ ပထမဆုံးသောလိင်ပြောင်းခွဲစိတ်ထားသူများသီးသန့် ဘာသာရေးစာသင်ကျောင်းမှာ နေ့စဉ်ကုရ်အာန်သင်ခန်းစာတွေကို သင်ကြားပေးလျက်ရှိပါတယ်။
လိင်ပြောင်းခွဲစိတ်ထားသူပုဂ္ဂိုလ်တွေဟာ ဘာသာရေးစာသင်ကျောင်းတွေ သို့မဟုတ် ဗလီတွေမှာဝတ်ပြုဖို့တက်ရောက်မှုတွေအပေါ်မှာ တရားဝင်တင်းကျပ်မှုတွေမရှိပေမယ့်လည်း ဒီစာသင်ကျောင်းဟာ အသိုင်းအဝန်းကနေ ဖယ်ထုတ်ခံရမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မွတ်စလင်အများစုနေထိုင်တဲ့ ပါကစ္စတန်မှာ LGBTQ အသိုင်းအဝန်းအတွက် အရေးပါတဲ့သမိုင်းမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။
“မိသားစုအများစုက လိင်ပြောင်းခွဲစိတ်ထားသူတွေကိုလက်မခံကြပါဘူး။ သူတို့အိမ်တွေပေါ်ကနေ မောင်းချကြတယ်။ လိင်ပြောင်းခွဲစိတ်ထားသူတွေဟာ မှားယွင်းတဲ့လမ်းတွေပေါ်ရောက်ကုန်ပါတယ်” လို့ ခန်း ၃၄နှစ်ကပြောပါတယ်။ တစ်ခြားလိင်ပြောင်းခွဲစိတ်ထားသူတွေဟာလည်း သူတို့ခေါင်းပေါ်မှာပဝါတွေဆောင်းပြီး ကုရ်အာန်ကျမ်းစာပုဒ်တွေကို ရွတ်ဆိုပြီး ခန္ဓာကိုယ်ရှေ့နောက်ယိမ်းနေကြပါတယ်။ “တစ်ချိန်တုန်းက ကျွန်မလည်းအဲဒီထဲမှာပါခဲ့ပါတယ်။” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ မျက်ရည်တွေကိုသုတ်ရင်း ခန်းက သူအသက်၁၃နှစ်အရွယ်မှာ မိသားစုကအမွေပြတ်စွန့်လွှတ်ပြီး တောင်းစားရတဲ့ဘဝဘယ်လိုရောက်ခဲ့ရလဲဆိုတာ ပြန်လည်အမှတ်ရပြောပြခဲ့ပါတယ်။
အသက် ၁၇နှစ်အရွယ်မှာတော့ လိင်ပြောင်းခွဲစိတ်ထားသူများအဖွဲ့တစ်ဖွဲ့နဲ့ပူးပေါင်းခဲ့ပြီး မင်္ဂလာပွဲတွေနဲ့ တစ်ခြားအခမ်းအနားပွဲတွေမှာ ကပြဖျော်ဖြေခဲ့ပါတယ်။ ဒါပေမယ့်ကွယ်လွန်သေဆုံးခဲ့တဲ့ သူမရဲ့လိင်ပြောင်းခွဲစိတ်ထားသူသူငယ်ချင်းက သူနဲ့အတူအဖွဲ့အစည်းအတွက် တစ်ခုခုလုပ်ပေးနိုင်ဖို့ကတိပြုခဲ့ပြီးနောက် သူမရဲ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ဒီလိုကပြဖျော်ဖြေတဲ့အလုပ်ကနေထွက်ခဲ့ပါတယ်။ ခန်းဟာပြီးခဲ့တဲ့အောက်တိုဘာမှာ အခန်းနှစ်ခန်းပါတဲ့ ဘာသာရေးစာသင်ကျောင်းကိုမဖွင့်နိုင်ခင် အိမ်မှာ ကုရ်အာန်ကျမ်းကိုလေ့လာသင်ယူခဲ့သလို ဘာသာရေးကျောင်းတွေကိုလည်းတက်ရောက်ခဲ့ပါတယ်။
“ဖန်ဆင်းရှင်ကျေနပ်နှစ်သက်စေဖို့ လက်ရှိဘဝမှာကော သေလွန်ပြီးနောင်တမလွန်ဘဝအတွက်ပါ ဖန်ဆင်းရှင်ရဲ့နှစ်သက်မှုရရှိစေဖို့ ကုရ်အာန်ကျမ်းစာကိုသင်ပေးနေပါတယ်” လို့ ခန်းကပြောပါတယ်။ ဒီစာသင်ကျောင်းဟာ လိင်ပြောင်းခွဲစိတ်ထားသူပုဂ္ဂိုလ်တွေအတွက် ဝတ်ပြုရာနေရာအဖြစ်ကော အစ္စလာမ်ဘာသာနဲ့ပတ်သက်ပြီးလေ့လာသင်ယူနိုင်ဖို့နဲ့ အတိတ်ကအမှားတွေကိုပြန်လည်နောင်တရအမှတ်ရစေဖို့ နေရာတစ်ခုအဖြစ် ဖန်တီးပေးထားကြောင်း သူကရှင်းပြခဲ့ပါတယ်။ ကျောင်းသားတွေကို အလုပ်အကိုင်ရှာဖွေပေးဖို့ကူညီပေးမယ်လို့ တာဝန်ရှိသူတစ်ချို့က ကတိပြုထားမှုတွေရှိပေမယ့်လည်း စာသင်ကျောင်းဟာ အစိုးရဆီကနေထောက်ပံ့မှုတွေမရရှိကြောင်း သူကပြောပါတယ်။
အဝတ်အထည်တွေရောင်းချပြီး ကျောင်းအတွက်ရန်ပုံငွေတွေရရှိဖို့မျှော်လင့်ရင်း အလှူငွေတစ်ချို့နဲ့အတူ ခန်းကသူ့ရဲ့ကျောင်းသားတွေကို အပ်ချုပ်နည်းတွေ ပန်းထိုးနည်းတွေကိုသင်ကြားပြသပေးနေပါတယ်။ ပါကစ္စတန်ပါလီမန်က ၂၀၁၈ခုနှစ်မှာ တတိယလိင်ကိုအသိအမှတ်ပြုခဲ့ပြီး ဒီပုဂ္ဂိုလ်တွေကို မဲပေးခွင့် တရားဝင်စာရွက်စာတမ်းတွေပေါ်မှာ သူတို့ရဲ့လိင်ကိုရွေးချယ်ခွင့်တွေလိုမျိုး အခြေခံလူ့အခွင့်အရေးတွေကို ပေးအပ်ထားပါတယ်။
ဒါပေမယ့်လည်း လိင်ပြောင်းခွဲစိတ်ထားသူအသိုင်းအဝန်းတွေဟာ နိုင်ငံတွင်းမှာဘေးဖယ်ထုတ်ခံနေရဆဲဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတို့ဟာအသက်ရှင်ရပ်တည်ဖို့ တောင်းစားတာ ကပြဖျော်ဖြေတာနဲ့ ပြည့်တန်ဆာအလုပ်တွေကို လုပ်ကိုင်နေကြရပါတယ်။ ခန်းရဲ့ဘာသာရေးစာသင်ကျောင်းဟာ လိင်ပြောင်းခွဲစိတ်ထားသူပုဂ္ဂိုလ်တွေကို ပင်မလူ့အဖွဲ့အစည်းထဲဝင်ဆန့်ဖို့ ကူညီပေးနိုင်ကြောင်း အစ္စလာမာဘတ်မြို့ ဒုမဟာမင်းကြီး ဟမ်ဇာရှာဖ်ကွတ်က ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “ဒီလိုပုံစံမျိုး တစ်ခြားမြို့တွေမှာလည်း လုပ်ဆောင်နိုင်မယ်ဆိုရင် အခြေအနေတွေတိုးတက်လာမယ်လို့ မျှော်လင့်မိပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။
လိင်ပြောင်းခွဲစိတ်ထားသူများအတွက် ဘာသာရေးစာသင်ကျောင်းတစ်ခုကို ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါးကမှာဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း ခရစ်ယာန်လိင်ပြောင်းခွဲစိတ်ထားသူများအဖွဲ့တစ်ဖွဲ့က ပါကစ္စတန်တောင်ပိုင်းဆိပ်ကမ်းမြို့ ကရာချီမှာ ကိုယ်ပိုင်ဘုရားကျောင်းတစ်ခုစတင်ထူထောင်ခဲ့ပါတယ်။ ပါကစ္စတန်ရဲ့ ၂၀၁၇ခုနှစ် သန်းခေါင်းစာရင်းမှတ်တမ်းတွေအရ လိင်ပြောင်းခွဲစိတ်ထားသူ ၁သောင်းခန့်ရှိကြောင်း လိင်ပြောင်းခွဲစိတ်ထားသူအခွင့်အရေးအဖွဲ့တွေကတော့ ဒီအရေအတွက်ဟာ သန်း၂၂၀နေထိုင်တဲ့ နိုင်ငံမှာ လိင်ပြောင်းခွဲစိတ်ထားသူအရေအတွက် လက်ရှိ ၃သိန်းကျော်ရှိနိုင်တယ်လို့ပြောထားပါတယ်။
“ကုရ်အာန်ကျမ်းစာဖတ်ချိန်မှာ ကျွန်မရဲ့စိတ်နှလုံးအေးချမ်းငြိမ်းချမ်းမှုတွေရရှိပါတယ်” လို့ ၁၉နှစ်အရွယ်ကျောင်းသား စီမရမ်ခန်းကပြောပါတယ်။ “စော်ကားနှောင့်ယှက်ခံရမှုတွေပြည့်နေတဲ့ဘဝတစ်ခုထက် ဒါကအများကြီးကောင်းမွန်ပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။
Al Jazeera သတင်းဌာနပါ “Pakistan’s first transgender – only madrasa breaks barriers” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
******************************************
END / 251