အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မေ ၂၇ ရက်မှ ၃၁ ရက်အထိ ငါးရက်အတွင်း COVID-19 ထပ်တိုးလူနာသစ် ၃၀၀ ကျော်ရှိပြီး လက်ရှိ စစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့နှုန်း သုံးရာခိုင်နှုန်းအထက် ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် မေ ၂၇ ရက်မှစ၍ COVID-19 ပိုးတွေ့လူနာများ ပြန်လည် များပြားလာပြီး မေ ၂၇ ရက်တွင် ၉၆ ဦး၊ မေ ၂၈ ရက်တွင် ၇၂ ဦး၊ မေ ၂၉ ရက်တွင် ၄၀၊ မေ ၃၀ ရက်တွင် ၄၅ ဦးနှင့် မေ ၃၁ ရက်တွင် ၅၈ ဦး တွေ့ရှိခဲ့၍ ငါးရက်အတွင်း ပိုးတွေ့လူနာသစ် ၃၁၁ ဦး ရှိပြီဖြစ်ကြောင်းနှင့် လက်ရှိ စစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့နှုန်း သုံးရာခိုင်နှုန်းအထက်တွင် ရှိနေကြောင်း သိရသည်။
မေ ၃၀ ရက်မှ ၃၁ ရက်အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၇၁ ခု စစ်ဆေးပြီးစီးခဲ့ရာ အတည်ပြုလူနာသစ် ၅၈ ဦး တွေ့ရှိခဲ့ကြောင်း၊ မေ ၃၁ ရက်အထိ ဓာတ်ခွဲနမူနာ ၂၆၂၁၄၁၃ ခု စစ်ဆေးခဲ့ပြီး COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၄၃၆၂၉ ဦး ရှိပြီဖြစ်ကြောင်းနှင့် မေ ၃၁ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ တစ်ဦးရှိသဖြင့် ဆေးရုံဆင်းပြီးသူ စုစုပေါင်း ၁၃၂၃၁၉ ဦးရှိပြီး မေ ၃၁ ရက်က ထပ်မံ သေဆုံးသူ တစ်ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၃၂၁၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
COVID-19 ကာကွယ် ထိန်းချုပ် တားဆီးရေးအတွက် ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ဇွန် ၃၀ ရက်အထိ ထပ်မံ သက်တမ်းတိုးထားကြောင်း မေ ၂၉ ရက်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး ဗဟိုကော်မတီက အသိပေး ကြေညာထားသည်။
COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၁ ခုနှစ် မေ ၃၁ ရက်အထိ ထုတ်ပြန်ထားသော ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးထားသည့် ကိစ္စရပ်များ မပါ) ကို ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်ထားကြောင်း အသိပေး ကြေညာထားသည်။
လက်ရှိတွင် COVID-19 ရောဂါ ဖြစ်ပွားမှု ပြန်လည် များပြားလာ၍ မေ ၂၈ ရက်က ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းဒေသကြီး တမူးမြို့နယ်ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဓာတ်ခွဲ အတည်ပြုလူနာများ တွေ့ရှိရမှု များပြားလာသောကြောင့် အချို့သော မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home လိုအပ်ကြောင်း၊ သို့ဖြစ်ပါ၍ ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် နေအိမ်၌ နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။
*****************************************************************
END / 251
၁ ဇွန် ၂၀၂၁ - ၁၉:၂၉
News ID: 1146650
မေ ၂၇ ရက်မှ ၃၁ ရက်အထိ ငါးရက်အတွင်း COVID-19 ထပ်တိုးလူနာသစ် ၃၀၀ ကျော်ရှိပြီး လက်ရှိ စစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့နှုန်း သုံးရာခိုင်နှုန်းအထက် ရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။