အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီး အာရီဝမ်ပါဟန်ယူးဆော့ဖ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့အား ဇွန် ၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ြပန်သည်။
အဆိုပါတွေ့ဆုံမှု၌ ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးရလဒ်များကိစ္စ၊ အာဆီယံအသိုက်အဝန်း ထူထောင်ရေး ကြိုးပမ်းအားထုတ်နေမှုကိစ္စ၊ အာဆီယံ ကနဦးဆန်းစစ်လေ့လာရေး အကြံပြုချက်များ အကောင်အထည်ဖော်ရေးကိစ္စ၊ COVID-19 ရောဂါကာကွယ်ဆေး ရရှိရေးအတွက် အာဆီယံအဖွဲ့မှဆောင်ရွက်နေမှု၊ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ၊ မတရား အသင်းကြေညာထားသည့် CRPH၊ NUG တို့နှင့်စပ်လျဉ်း၍ အသင်းအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များမှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ မှုနှင့် စစ်ဆေးတွေ့ရှိမှုအခြေအနေများ၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းချိန်တွင် ရွေးကောက်ပွဲပြန်လည်ပြုလုပ်မည့် အခြေအနေများနှင့် လူသားချင်းစာနာထောက် ထားမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့်အတူ အာဆီယံဒုတိယအတွင်းရေးမှူးချုပ် Mr. Garry Ramtee Bin Haji Ibrahimနှင့်တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများနှင့်ပတ်သက်၍ ဆွေးနွေးရန် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ဧပြီ ၂၄ ရက်က အာဆီယံနိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေး၏နောက်ဆက်တွဲအဖြစ် ယခုကဲ့သို့ အာဆီယံသံတမန်နှစ်ဦး မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့သည် ဇွန် ၃ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။
မြန်မာ့အရေးကိုဖြေရှင်းရန် အာဆီယံက သံတမန်ရေးဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို ဦးဆောင်ခဲ့ခြင်းဖြစ်သော်လည်း အာဆီယံသည် သံတမန်သြဇာသုံးရာတွင် ထင်ရှားသည့်အဖွဲ့အစည်းတစ်ခုမဟုတ်သောကြောင့် အာဆီယံက မြန်မာ့အရေးတွင် မည်သို့ထိရောက်စွာ သြဇာလွှမ်းနိုင်မည်ဆိုသည်နှင့်ပတ်သက်၍ လေ့လာစောင့်ကြည့်သူများက မေးခွန်းထုတ်နေကြကြောင်း နိုင်ငံတကာ သတင်းမီဒီယာအချို့၏ ရေးသားဖော်ပြချက် အရသိ ရသည်။
ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က မြန်မာ့တပ်မတော်ခေါင်းဆောင်များအပေါ် ဒဏ်ခတ်အရေးယူခြင်းများကို တိုးမြှင့်လုပ်ဆောင်နေချိန်တွင် အာဆီယံသည် မြန်မာ့အရေးဖြေရှင်းပေးနိုင်ရန် ရုန်းကန်နေရ သည်ဟုလည်း နိုင်ငံတကာမီဒီယာများက ရေးသားဖော်ပြကြသည်။
*****************************************************************
END / 251
မြန်မာနိုင်ငံ သို့ရောက်ရှိ နေသည့် အာဆီယံ သံတမန်များ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် နေပြည်တော်တွင် တွေ့ဆုံ
၄ ဇွန် ၂၀၂၁ - ၁၄:၃၄
News ID: 1147497
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီး အာရီဝမ်ပါဟန်ယူးဆော့ဖ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်တို့အား ဇွန် ၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ြပန်သည်။