၁၀ ဇွန် ၂၀၂၁ - ၁၈:၀၉
အမေရိကန် ၏ ပိတ်ဆို့မှုများကို တန်ပြန်ရန် တရုတ်က မြန်မာ့ တပ်မတော်ကို ထောက်ခံ အားပေးမှု မြှင့်တင်

အမေရိကန်၏ပိတ်ဆို့မှုများကို တန်ပြန်ရန် တရုတ်က မြန်မာ့တပ်မတော်ကို ထောက်ခံအားပေးမှု မြှင့်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဇွန် ၈ ရက်တွင် ဦးဝဏ္ဏမောင်လွင်နှင့် ချုံချင်းမြို့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



အမေရိကန်၏ပိတ်ဆို့မှုများကို တန်ပြန်ရန် တရုတ်က မြန်မာ့တပ်မတော်ကို ထောက်ခံအားပေးမှု မြှင့်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဇွန် ၈ ရက်တွင် ဦးဝဏ္ဏမောင်လွင်နှင့် ချုံချင်းမြို့၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာ့ပြည်တွင်းရေး အခြေအနေများသည် မြန်မာနိုင်ငံအပေါ်ထားရှိသည့် တရုတ်၏မူဝါဒကို ထိခိုက်စေခြင်း မရှိကြောင်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးက ဇွန် ၈ ရက်တွင် ပြောကြားခဲ့သည်။

အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံ ချုံချင်းမြို့၌ ဇွန် ၇ ရက်မှ ၈ ရက်အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ဦးဝဏ္ဏမောင်လွင်က တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံရာတွင် မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံ၌ နှစ်ဦးနှစ်ဖက် ဆောင်ရွက်နေသည့် စီမံကိန်းများကို တရုတ်ဘက်က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

မြန်မာ့ပြည်တွင်းရေးနှင့် ပြည်ပရေးရာ အခြေအနေ ပြောင်းလဲမှုများသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ဖော်ရွေရင်းနှီးသည့် မူဝါဒကို မထိခိုက်စေကြောင်း၊ ယခင်၊ ယခုနှင့် အနာဂတ်အတွင် မြန်မာနိုင်ငံသည် ၄င်း၏ အမျိုးသားရေးအခြေအနေများနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကို လွတ်လပ်စွာရွေးရန် တရုတ်နိုင်ငံအားပေးနေကြောင်း၊ သက်ဆိုင်သူအဖွဲ့အစည်းအားလုံးသည် သဘောထားကွဲလွဲမှုများကို နိုင်ငံရေးဆွေးနွေးမှုများနှင့် ဖြေရှင်းရန်လည်း တရုတ်နိုင်ငံက အားပေးကြောင်း မစ္စတာဝမ်ယိက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇွန် ၇ ရက်က တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပနေချိန်တွင်လည်း မစ္စတာဝမ်ယိက မြန်မာ့လက်ရှိအရေးနဲ့စပ်လျဉ်းပြီး တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပြည်တွင်းအရေးကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန် အာဆီယံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ပြီး အာဆီယံ မူဘောင်အောက်တွင် သဘောတူညီချက် ငါးချက်ကို ဆက်တိုက်အကောင်အထည်ဖော်ဆောင်ရန် တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်းဆက်စပ်နေသည့် အိမ်နီးချင်းလည်း ဖြစ်သလို မြန်မာနိုင်ငံ၏ အခြေအနေသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ၏အခြေအနေကို များစွာဂရုပြုလျက်ရှိပြီး အပြုသဘောဆောင်တဲ့နေရာက ဆက်လက်ပါဝင်သွားရန် ဆန္ဒရှိကြောင်း မစ္စတာဝမ်ယိက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက တရုတ်နှင့် အာဆီယံသည် မြန်မာ့အရေးတွင် ရပ်တည်ချက်နှင့် ထင်မြင်ယူဆချက်များ ယေဘုယျအားဖြင့် တူညီကြောင်း၊ မိမိတို့သည် အာဆီယံနှင့် ဆက်လက်ပူးပေါင်းပြီး မြန်မာ့နယ်ပယ်အသီးသီးကို ပြည်သူလူထု အကျိုးစီးပွားကို အဓိကထား၍ တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်၊ အကြမ်းဖက်မှုများကိုဖယ်ရှားရန် အတူတကွ တွန်းအားပေးလိုကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ပြီး ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းကို ပြန်လည်စတင်ရန်အတွက် အတူတကွ အားပေးလိုကြောင်းကိုလည်း ပြောကြားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သီးခြားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

*****************************************************************
END / 251