အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ (ဇွန် ၂၂ ရက်) နံနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ်စဉ်ဖြစ်ပွားရာအနီးတွင် နေထိုင်သူ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ချမ်းမြသာစည်မြို့နယ် ထွန်းတုံးရပ်ကွက် ၁၁၁ လမ်းနှင့် ၅၄ လမ်းအနီးဝန်းကျင်ရှိ နေအိမ်တစ်အိမ်အား လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်ရှာဖွေရာမှ အပြန်အလန်ပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပတ်ဝန်းကျင်အနီး နေထိုင်သူများက ပြောကြားသည်။
''အစောပိုင်းမှာလာတာက အရပ်ဝတ်တွေနဲ့ သေနတ်တွေ ပါတယ်။ ကျည်ကာတွေတော့ ဝတ်ထားတာ။ နောက်ပိုင်း ပစ်ခတ်မှုတွေဖြစ်ပြီး တပ်ကားတွေ အများကြီး ထပ်ရောက်လာတာပဲ။ အပြန်အလှန်ပစ်ခတ်သံတွေက အတော်ကြာတယ် '' ဟု ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်းအနီး နေထိုင်သူတစ်ဦးက ပြောကြားသည်။
ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင် PDF အဖွဲ့ဝင်များ အခြေစိုက်ရာနေရာတစ်ခုဖြစ်သည်ဟု ၄င်းတို့ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားပြီး ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းနှင့် PDF အဖွဲ့မှလည်း သေဆုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်၌ သေဆုံးသူ ရှစ်ဦးရှိသည့်အပြင် လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်အချို့နှင့် လူ ရှစ်ဦး ဖမ်းဆီးရမိထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဇွန် ၂၂ ရက်) တွင် သတင်းထုတ်ပြန်သည်။
ဇွန် ၂၂ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ Viber Group တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းထားမှုကို ပြန်လည်ဖြေကြားရာ တွင် အထက်ပါအတိုင်းထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
''မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများနှင့်အတူ အကြမ်းဖက်သူအချို့ ရောက်ရှိ ခိုအောင်းနေ ကြောင်း သတင်းအရ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ် ဆေးဆောင်ရွက်စဉ် အကြမ်းဖက်သူများက လက်ဗစ်ဗုံး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်လာခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ အပြင်း အထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်သူများအဖွဲ့မှ သေဆုံး လေးဦး၊ ဖမ်းဆီးရမိသူ ရှစ်ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက် နက်ငယ်အချို့ သိမ်းဆည်းရမိခဲ့သည်'' ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဆက်လက်၍ ''တစ်ချိန်တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ၅၃ လမ်းပေါ်မှ စိစစ်ဆဲ ပါကျဲရိုးအဖြူရောင် မော်တော်ယာဉ် တစ်စီးက လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ထွက်ပြေးသွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့သဖြင့် ၅၆ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ ထရန်စဖော်မာအား အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီး အဆိုပါမော်တော်ယာဉ်ကို သေဆုံးလျက်ရှိသော အကြမ်းဖက်သူများအဖွဲ့မှ လေးဦးနှင့်အတူ သိမ်းဆည်းရမိခဲ့သည်'' ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ (ဇွန် ၂၂ ရက်) နံနက် ၇ နာရီခွဲခန့်က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် အသေးစိတ်ကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။
*****************************************************************
END / 251
မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် တွင် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွား ယင်းဖြစ်စဉ် ၌ သေဆုံးသူ ရှစ်ဦးရှိ
၂၂ ဇွန် ၂၀၂၁ - ၁၉:၂၄
News ID: 1152907
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ယနေ့ (ဇွန် ၂၂ ရက်) နံနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ်စဉ်ဖြစ်ပွားရာအနီးတွင် နေထိုင်သူ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။