အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယအစိုးရက လိုင်စင်ခွင့်ပြုချက်ကို လွယ်ကူရှင်းလင်းအောင် လုပ်ဆောင်ထားခြင်းကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယခင်မျှော်မှန်းထားသည်ထက် ပိုမိုကာ အရေအတွက် ၂၂၆ သန်းအထိ ရရှိနိုင်မည်ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ပါတီဥက္ကဌက ဩဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။
အစိုးရအကြီးတန်းအရာရှိတစ်ဦးက အစိုးရအနေဖြင့် ဩဂုတ်လတွင် ကိုဗစ်ကာကွယ်ဆေး သန်း ၁၅၀ ခန့်သာ ရရှိနိုင်လိမ့်မည်ဟု ဇူလိုင်လအတွင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ယင်းနောက်ပိုင်းတွင် အစိုးရ၏ ဆေးဝါး စည်းကမ်းကြပ်မတ်ရေးအဖွဲ့က Johnson & Johnson ကုမ္ပဏီမှ ကာကွယ်ဆေးအား ခွင့်ပြုပေးခဲ့သလို ရုရှား၏ Sputnik V ကာကွယ်ဆေးအား ပြည်တွင်း၌ အမြောက်အများ ထုတ်လုပ်ခြင်းတို့ကို စတင်နိုငခဲ့သည်။
ပြည်တွင်းကုမ္ပဏီ Cadila Healthcare ၏ ZyCoV-D ကာကွယ်ဆေးကိုလည်း မကြာခင် အတည်ပြုပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးက ယခုလအတွင်း ပြောကြားခဲ့သည်။
အာဏာရ ဘာရာတီယာဂျနတာပါတီဥက္ကဌ ဂျာဂတ်ပရာကက်ရှ်နက်ဒါက “ဝန်ကြီးချုပ်ရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ ကာကွယ်ဆေး ပိုထုတ်ဖို့ လိုင်စင်မူဝါဒကို လွယ်ကူရှင်းလင်းအောင် လုပ်ပေးခဲ့တာလည်း ပါဝင်ပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီအား အသိအမှတ်ပြု ပြောကြားခဲ့သည်။
လာမည့်ရက်များအတွင်း အိန္ဒိယနိုင်ငံအတွက် ကာကွယ်ဆေးများ ထပ်မံရရှိတော့မည်ဟုလည်း ပါတီဥက္ကဌက ပြောသည်။
ဝန်ကြီးချုပ်မိုဒီ ပထမသက်တမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ်က ကျန်းမာရေးဝန်ကြီးဖြစ်ခဲ့သူ နက်ဒါက အိန္ဒိယနိုင်ငံမှ ရရှိမည့် ကိုဗစ်ကာကွယ်ဆေးလုံးရေမှာ ဩဂုတ်တွင် ၂၆၆ ဒသမ ၅ သန်း၊ စက်တင်ဘာတွင် ၂၆၁ ဒသမ ၅ သန်း၊ အောက်တိုဘာတွင် ၂၈၂ ဒသမ ၅ သန်း၊ နိုဝင်ဘာတွင် ၂၈၂ ဒသမ ၅ သန်းနှင့် ဒီဇင်ဘာတွင် ၂၈၅ သန်း အသီးသီးဖြစ်ကြောင်း ပြောကြားသည်။
အိန္ဒိယအနေဖြင့် ယခုနှစ်ကုန်တွင် အရွယ်ရောက်သူ ၉၄၄ သန်းအား ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်းထားရာတွင် တရားဝင်ကိန်းဂဏန်းများအရ ယခုချိန်ထိ ၅၂၈ ဒသမ ၆ သန်းအား ဆေးထိုးပြီး ဖြစ်ရာတွင် အရွယ်ရောက်ပြီးသူ ၄၄ ရာခိုင်နှုန်းအား တစ်ကြိမ်းထက်မနည်း ထိုးပေးပြီး ဖြစ်ကာ ၂ ကြိမ်ထိုးရန် လိုအပ်သူ ၁၂ ရာခိုင်နှုန်း ကျန်ရှိနေသေးသည်။
Serum Institute of India ကြောင့် အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကိုဗစ်ကာကွယ်ဆေး အများဆုံး ထုတ်သည့် နိုင်ငံဖြစ်သည်။ ကူးစက်ခံရမှု မြင့်တက်လာချိန်တွင် ကာကွယ်ဆေးများကို ပြည်ပသို့ မပို့တော့ဘဲ ပြည်တွင်းအတွက်သာ အသုံးပြုရန် အစိုးရက ညွှန်ကြားချက်ကြောင့် အဆိုပါကုမ္ပဏီက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပြည်ပသို့ တင်ပို့ခြင်းအား ဧပြီလတွင် ရပ်ဆိုင်းခဲ့သည်။
အိန္ဒိယတွင် ကိုဗစ်ကူးစက်ခံရသူ တရားဝင်အရေအတွက် ၃၂ ဒသမ ၁၁ သန်းရှိသောကြောင့် အမေရိကန်ပြီးနောက် အများဆုံးဖြစ်ကာ သေဆုံးသူအရေအတွက် ၄၃၀၀၀ ဦးရှိကြောင်း ထုတ်ပြန်ထားသောလည်း ယင်းထက်ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသည်။
****************************************************************
END / 251
၁၉ ဩဂုတ် ၂၀၂၁ - ၁၉:၂၇
News ID: 1171206
အိန္ဒိယအစိုးရက လိုင်စင်ခွင့်ပြုချက်ကို လွယ်ကူရှင်းလင်းအောင် လုပ်ဆောင်ထားခြင်းကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယခင်မျှော်မှန်းထားသည်ထက် ပိုမိုကာ အရေအတွက် ၂၂၆ သန်းအထိ ရရှိနိုင်မည်ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ပါတီဥက္ကဌက ဩဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။