အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေသို့ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက် အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ ထိုးစစ်ဆင်လာ၍ ဒေသခံဦးရေ ၅၀၀ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။
စစ်ကောင်စီတပ်က ၎င်းတို့ စွန့်လွှတ်ခဲ့သည့် ကြိတ်စခန်း၌ ပြန်လည်နေရာယူပြီး ဒေသတစ်ဝိုက်သို့ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့၍ ယနေ့မနက်တွင် ကော့ကရိတ်မြို့နယ် ပိုင်ကလာဒုံရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးဒဏ်ရာရရှိခဲ့ရာ ၃ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ပဒိုစောလစ္စတန်က ပြောသည်။
ယင်းအပြင် ဒေသခံအချို့ဖမ်းဆီးခံခဲ့ရကြောင်း သတင်းများ ကြားသိရသည်ဟု ၎င်းကဆိုသည်။
“ ပေါ်တာဆိုတာက စစ်ဖြစ်လာရင် သူတို့ ဖမ်းတာ ပုံမှန်ပဲ။ အခု အဲဒီလိုဖမ်းတာမှာ အင်အား ဘယ်လောက်မှန်းမသိပေမယ့် ပြေးလွှားတာကိုတော့ လူထုက သတင်းပေးတာကတော့ ၄၀၀ နဲ့ ၅၀၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်” ဟု ပဒိုစောလစ္စတန်က ပြောသည်။
ကော်သနော့၊ ကြိတ်၊ ကွင်းကလေး စသည့် ကျေးရွာများအပါအဝင် ဒေသတ၀ိုက်ရှိ ကျေးရွာများမှ ရွာသူရွာသားများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ၎င်း ကဆိုသည်။
KNU တပ်မဟာ(၆)နယ်မြေတွင်း သတင်းများ စဉ်ဆက်မပြတ် ဖော်ပြနေသည့် KLO FM က လတ်တလော တိုက်ပွဲကြောင့် ပူရေ၊ ကွင်းကလေး၊ ကြိတ်၊ ပိုင်ကလာဒုံ ကျေးရွာအုပ်စုများမှ ကျေးရွာပေါင်း ၂၀က ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သတင်းဖော်ပြခဲ့သည်။
အဆိုပါ ဒေသစစ်ရေးလှုပ်ရှားမှုတွင် စစ်ကောင်စီတပ်နှင့်အတူ နယ်ခြားစောင့်တပ်ဖွဲ့(BGF)များလည်း ပါဝင်ပြီး စစ်ကောင်စီတပ်က BGFကို ရှေ့တန်းတင် စစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် BGF တပ်များ၏ စစ်ရေးလှုပ်ရှားမှုကြောင့် ဩဂုတ် ၂၃ရက်နှင့် ၂၄ရက်ကလည်း KNU တပ်မဟာ(၆) နယ်မြေ ကော့ကရိတ်မြို့နယ် ကမိုင်ကုန်း နှင့် ကော်သနော့ဒေသများ၌ တိုက်ပွဲဖြစ်ခဲ့သည်။
****************************************************************
END / 251
၂ စက်တင်ဘာ ၂၀၂၁ - ၀၇:၄၁
News ID: 1175737
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေသို့ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက် အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ ထိုးစစ်ဆင်လာ၍ ဒေသခံဦးရေ ၅၀၀ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။