အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပျက်ပြယ်သွားပြီဟု KNU Concerned Group က ယနေ့ (စက်တင်ဘာ ၂ရက်) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
"NCA သည်လည်း ပျက်ပြယ်သွားပြီဟု မှတ်ယူသည်" ဟု KNU Concerned Group က ထုတ်ပြန်သည့် လက်ရှိနိုင်ငံရေး ၊ စစ်ရေးလှုပ်ရှားမှုအပေါ် သဘောထားတွင် ထည့်သွင်းဖော်ပြထားသည်။
NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ပထမဆုံး လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၁၃ရက်တွင် နောက်ထပ် နှစ်ဖွဲ့ က ထပ်မံလက်မှတ် ရေးထိုးခဲ့ရာ စုစုပေါင်း ၁၀ ဖွဲ့က လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
NCA စာချုပ်သည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ နိုင်ငံရေးပန်းတိုင်သို့ မရောက်နိုင်သည့်အပြင် လက်နက်ကိုင်အဖွဲ့များအား လက်နက်စွန့်စေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် သွတ်သွင်းသည့် စာချုပ်ပင်ဖြစ်ကြောင်း KNU Concerned Group က ဝေဖန်ထားသည်။
ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေဖြင့် ဆန္ဒပြပြည်သူများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများနှင့် တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိန်းချုပ်နယ်မြေများတွင် ထိုးစစ်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင်လည်း ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွင် ထိုးစစ်ဆင်နေသည့်အတွက် ဒေသခံ ၅၀၀ ခန့်မှာလည်း ထွက်ပြေးနေရသည်။
သည့်အပြင် CRPH/NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံရေးရပ်တည်ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဆိုသည့် အချက်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပန်းတိုင်နှင့် ထပ်တူဖြစ်သည့်အတွက် KNU Concerned Group က ကြိုဆိုထောက်ခံထားသည်။
NUG ၏ အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးလှုပ်ရှားမှုများကို စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ကြိုးပမ်းမှုအတွက် တစ်ညီတစ်ညွတ်တည်း တိုက်ပွဲဝင်ရန် KNU Concerned Group က တိုက်တွန်းထားသည်။
****************************************************************
END / 251
၇ စက်တင်ဘာ ၂၀၂၁ - ၁၉:၁၀
News ID: 1177781
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပျက်ပြယ်သွားပြီဟု KNU Concerned Group က ယနေ့ (စက်တင်ဘာ ၂ရက်) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။