အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖေ့စ်ဘုတ်အကြောင်းဖွင့်ထုတ်ဖော်ပြခဲ့တဲ့ ဒေတာအင်ဂျင်နီယာနဲ့သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဖရန့်စ်ဟူဂန်ရဲ့ အင်္ဂါနေ့က အမေရိကန်အထက်လွှတ်တော်အမတ်တွေကို သက်သေထွက်ဆိုချက်ဟာ ဖေ့စ်ဘုတ်ပေါ်ကလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်မှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနဲ့ အီသီယိုးပီးယားနိုင်ငံတို့က အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ်အခြေအနေတွေအပေါ် မီးမောင်းထိုးပြခဲ့တာပဲဖြစ်ပါတယ်။ လူမှုမီဒီယာကြီးဟာ အကြမ်းဖက်မှုတွေနဲ့ တည်ငြိမ်မှုမရှိတဲ့အခြေအနေတွေကို လောင်စာဖြည့်ပေးနေတယ်လို့ သူမကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာမြင်တွေ့ခဲ့ရတဲ့အရာတွေ အခုအီသီယိုးပီးယားမှာ မြင်နေရပါပြီ။ ဒါဟာအဖွင့်ဇာတ်လမ်းအခန်းတွေဖြစ်နေပြီး အရမ်းကိုထိတ်လန့်တုန်လှုပ်စရာကောင်းပါတယ်။ ဘယ်သူမှအဆုံးသတ်ကို မဖတ်ချင်ကြဘူး” လို့ ဟူဂန်က သူမရဲ့သက်သေထွက်ဆိုချက်ထဲမှာ ပြောကြားခဲ့ပါတယ်။ “ဖေ့စ်ဘုတ်ဟာ အီသီယိုးပီးယားလိုနေရာတွေမှာ လူမျိုးရေးအကြမ်းဖက်မှုတွေကိုအမှန်တကယ်ပျံ့နှံ့စေခဲ့ပါတယ် အကြောင်းက ဖေ့စ်ဘုတ်ဟာ အမေရိကန်ပြင်ပ သူတို့ရဲ့ဝန်ဆောင်မှုလုပ်ငန်းကိုသင့်လျော်လုံလောက်တဲ့ ထိန်းသိမ်းမှုတွေမရှိခဲ့ဘူး” လို့ဟူဂန်က သတိပေးခဲ့ပါတယ်။
မြန်မာလူဦးရေ ၅၃သန်းရဲ့တစ်ဝက်ခန့်ဟာ ဖေ့စ်ဘုတ်ကိုအသုံးပြုနေကြပြီး အများအပြားဟာ သူတို့ရဲ့အဓိကသတင်းအရင်းအမြစ်တွေအဖြစ် ဖေ့စ်ဘုတ်ကိုအားကိုးအားထားပြုနေကြတာဖြစ်ပါတယ်။ ဒီနှစ်ဇွန်လမှာပဲ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Global Witness ရဲ့စုံစမ်းစစ်ဆေးမှုတစ်ခုမှာ ဖေ့စ်ဘုတ်ရဲ့ပြဿနာဖြေရှင်းတဲ့ နေရာမှာအသုံးပြုတဲ့ လိုက်နာရမဲ့စည်းကမ်း လုပ်နည်းစနစ် (အလ်ဂိုရီသမ်)ဟာ သူ့ရဲ့ပေါ်လစီတွေကိုချိုးဖောက်တဲ့ ပို့စ်တွေကိုမြှင့်တင်ပေးနေတာကို တွေ့ရှိခဲ့ပါတယ်။ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှု ကိုဆန့်ကျင် ချီတက်နေကြ တဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှုတွေလုပ်ဖို့ သွေးထိုးလှုံ့ဆော်တဲ့ပို့စ်တွေရှိခဲ့တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖေ့စ်ဘုတ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်နေတယ်လို့ မမြင်တဲ့ မြန်မာစစ်တပ်ကိုထောက်ခံတဲ့ ပရိသတ်ပေ့ခ်ျတွေကို သုတေသနပြုလေ့လာသူတွေဟာ like တွေလုပ်ပြီးစောင့်ကြည့်ခဲ့ပါတယ်။ ရိုင်းစိုင်းစော်ကားတဲ့အရေးအသားတွေပါဝင်တဲ့ စစ်တပ်ထောက်ခံတဲ့ပေ့ခ်ျတွေကို ဖေ့စ်ဘုတ်က အကြံပြုထားတာကို သူတို့ရှာတွေ့ခဲ့ပါတယ်။ “ဒီအရေးအသားပို့စ်တွေကိုရှာဖို့ ခက်ခက်ခဲခဲကြည့်နေစရာမလိုပါဘူး။ ဖေ့စ်ဘုတ်ရဲ့ အလ်ဂိုရီသမ်က ကျွန်မကိုရှာဖွေပေးထားပါတယ်။” လို့ အစီရင်ခံစာရေးသားမှုမှာပါဝင်ခဲ့တဲ့ ဒစ်ဂျစ်တယ်သုတေသနပညာရှင် ရိုစီရှာ့ပ်က ပြောပါတယ်။ “သူတို့အကြံပြုထားတဲ့ ပထမဆုံးပေ့ခ်ျ ၅ခုထဲက ၃ခုလောက်ဟာ ဖေ့စ်ဘုတ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်တဲ့ အရေးအသားတွေပါဝင်နေပါတယ်။ ဥပမာအနေနဲ့ အကြမ်းဖက်မှုတွေကို သွေးထိုးလှုံ့ဆော်ပေးတာ ချီးကျူးပြောဆိုတာတွေဖြစ်ပါတယ်။” လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။
လူမှုမီဒီယာပို့စ်တွေနဲ့ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေကြားဆက်နွယ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်မှတ်တမ်းတွေထားရှိခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်ဝန်းကျင် ရိုဟင်ဂျာအရေးအစမှာ ဖေ့စ်ဘုတ်ပေါ်မှာ အမုန်းစကားပြောကြားမှုတွေ ထိန်းမရသိမ်းမရအခြေအနေနဲ့ အကြီးအကျယ်ပျံ့နှံ့တိုးပွားခဲ့ကြောင်း ၂၀၁၈ခုနှစ်မှာ ဂါးဒီးယန်းရဲ့သုံးသပ်လေ့လာသူတစ်ဦးက ထုတ်ဖော်ခဲ့ပါတယ်။ ဗလီတွေမှာ လက်နက်တွေသိုလှောင်ထားတယ်ဆိုတဲ့ မှားယွင်းတဲ့ ဖွသတင်းရေးသားချက်တွေအပါအဝင် အမျိုးသားရေးသမားတွေ ရိုဟင်ဂျာဆန့်ကျင်ရေး အားပေးထောက်ခံသူတွေရဲ့ ထောင်နဲ့ချီတဲ့ပို့စ်တွေဟာ အွန်လိုင်းပေါ်မှာအကြီးအကျယ် ဆွဲဆောင်မှုတွေရရှိခဲ့ပါတယ်။ ဖေ့စ်ဘုတ်ဟာ အွန်လိုင်းပြင်ပအကြမ်းဖက်မှုသွေးထိုးလှုံ့ဆော်မှုတွေအတွက် အသုံးချခံခဲ့ရတယ်ဆိုတဲ့ ယူဆချက်တွေကို ဖေ့စ်ဘုတ်ရဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်က နောက်ပိုင်းမှာတော့ သဘောတူခဲ့ပါတယ်။
“ဖေ့စ်ဘုတ်ပေါ်မှာဖြစ်ပျက်နေတာတွေဟာ အရေးပါပါတယ် အွန်လိုင်းပေါ်မှာ အကြမ်းဖက်မှုတွေကို လှုံ့ဆော်မြှင့်တင်မှုတွေဟာ တကယ့်ကမ္ဘာ့ကိုထိခိုက်မှုတွေဖြစ်စေနိုင်ပါတယ် အထူးသဖြင့် မြန်မာနိုင်ငံမှာ အစစ်အမှန်ဖြစ်ပျက်ခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့လူမျိုးတုံးသတ်ဖြတ်ရေး ကမ်းပိန်းအတွင်း အကြမ်းဖက်သွေးထိုးလှုံ့ဆော်မှုတွေမှာ ဖေ့စ်ဘုတ်ရဲ့အခန်းကဏ္ဍပါဝင်ခဲ့ကြောင်း ဖေ့စ်ဘုတ်က ဝန်ခံခဲ့ပါတယ်။” လို့ရှာ့ပ်ကပြောပါတယ်။ လူမှုမီဒီယာကုမ္ပဏီတွေကို အရေးယူမှုတွေလုပ်ဖို့ ဥပဒေပြုအမတ်တွေဟာ လုံလောက်တဲ့ဆောင်ရွက်မှုတွေမရှိကြောင်း ရှာ့ပ်ကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
ဖေ့စ်ဘုတ်ကတော့ ဟူဂန်ရဲ့စွပ်စွဲချက်တွေကိုတုံ့ပြန်ခဲ့ပြီး အင်္ဂါနေ့ညနေပိုင်းမှာ ဖေ့စ်ဘုတ်ထူထောင်သူ မာ့ခ်ဇူကာဘတ်ဂ်က ကုမ္ပဏီဟာ လုံခြုံရေးထက် အကျိုးအမြတ်ကိုရှေ့တန်းတင်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့ပါတယ်။
The Guardian သတင်းဌာနပါ “Facebook’s role in Myanmar and Ethiopia under new scrutiny” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။
****************************************************************
END / 251