၉ နိုဝင်ဘာ ၂၀၂၁ - ၂၀:၂၃
 မြန်မာမှာ မတရား ဖမ်းဆီးခံထား ရသူအားလုံးကို ပြန်လွှတ်ဖို့  သြစတြေးလျ ထပ်မံ တောင်းဆို

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေးဟာ နိုဝင်ဘာ ၉ ရက်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ-သြစတြေးလျ ဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့ရာမှာ မြန်မာနိုင်ငံမှာ သြစတြေးလျပါမောက္ခ ရှောင်တာနဲလ် အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုပြောကြားသွားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေးဟာ နိုဝင်ဘာ ၉ ရက်က ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ-သြစတြေးလျ ဆွေးနွေးပွဲတစ်ခုကို တက်ရောက်ခဲ့ရာမှာ မြန်မာနိုင်ငံမှာ သြစတြေးလျပါမောက္ခ ရှောင်တာနဲလ် အပါအဝင် မတရားဖမ်းဆီးခံထားရသူ အားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုပြောကြားသွားခဲ့ပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟာ သူမရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဘွေထန်ဆန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို ဟနွိုင်းမြို့မှာ ပြုလုပ်တဲ့ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အာဆီယံ-သြစတြေးလျ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။

"ကျွန်မတို့ ဒေသရဲ့ လုံခြုံရေးနဲ့ ကြီးပွားချမ်းသာမှုအတွက် အာဆီယံဟာ အသေအချာ အရေးကြီးတယ်လို့ သြစတြေးလျဘက်က ရှုမြင်ပါတယ်၊ ခု နောက်ဆုံး သမိုင်းမှတ်တိုင်က ဒါကို ထပ်မံ အားပေးနေပါတယ်၊ COVID-19 ကပ်ရောဂါနဲ့ အနာဂတ်မှာ ကြုံလာရနိုင်တဲ့ ပိုမိုကျယ်ပြန့်တဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်တုံ့ပြန်ရာမှာ အတူတကွ လုပ်ဆောင်သွားဖို့ ကျွန်မတို့ အလေးအနက် ကတိပြုထားပါတယ်၊ ဒီအခန်းကဏ္ဍသစ် အထိမ်းအမှတ်အဖြစ် သြစတြေးလျဟာ အာဆီယံနဲ့အကြား ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ ဒေါ်လာ ၁၅၄ သန်းကျော် ရင်းနှီးမြှုပ်နှံမှုတစ်ရပ် လုပ်မယ့်အကြောင်း ကြေညာထားပါတယ်" လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

"အင်ဒို-ပစိဖိတ်ဒေသနဲ့ပတ်သက်လို့ အာဆီယံရဲ့ သဘောထားအမြင်ပိုင်းမှာ ပေါင်းစပ်ထားတဲ့ စည်းမျဉ်းတွေအပေါ် အခြေပြုတဲ့ စနစ်တစ်ခု၊ လွတ်လပ်ပြီး အားလုံးပါဝင်တဲ့ စည်းမျဉ်းအခြေပြု ဒေသဆိုင်ရာ စနစ်တစ်ခု နဲ့ ငြိမ်းချမ်းကြွယ်ဝတဲ့ အင်ဒို-ပစိဖိတ်ဒေသတစ်ခုဖြစ်ပေါ်စေရေးအတွက် တူညီတဲ့ ကတိကဝတ်တွေအပေါ်မှာ ဒီ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို တည်ဆောက်ထားတာဖြစ်ပါတယ်၊ အမျိုးသမီးတွေ၊ ငြိမ်းချမ်းမှုနဲ့ လုံခြုံရေး အစီအစဉ်တွေကို ရှေ့တိုးတက်လှမ်းနိုင်မယ့် တူညီတဲ့ ကတိကဝတ်တွေအပေါ်မှာ ကျွန်မတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တည်ဆောက်ထားပါတယ်" လို့လည်း သူမက ပြောပါတယ်။

"နောက်ပြီး ဒီနေ့မှာ ထပ်လောင်း ပြောချင်တာက သြစတြေးလျဟာ မြန်မာနိုင်ငံက အခြေအနေအပေါ် အင်မတန် စိုးရိမ်ပူပန်နေဆဲ ဆိုတာပဲဖြစ်ပါတယ်၊ အာဏာသိမ်းစစ်တပ်ဘက်က အရပ်သားတွေအပေါ် ပစ်ခတ်မှုတွေ ရပ်ပြီး ဆွေးနွေးမှုတွေ လုပ်ဖို့၊  သြစတြေးလျ ပါမောက္ခရှောင်တာနဲလ် အပါအဝင် မတရား ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ ကျွန်မ ထပ်လောင်း တောင်းဆိုပါတယ်၊ နောက်ပြီး အာဆီယံ ခေါင်းဆောင်တွေနဲ့အကြား သဘောတူထားတဲ့ ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်မှုကို ရှေ့တိုးတက်လှမ်းနိုင်ဖို့အတွက် မြန်မာစစ်တပ်ဘက်က အာဆီယံနဲ့အကြား အဓိပ္ပါယ် ရှိရှိ ချိတ်ဆက် ပတ်သက်ဆောင်ရွက်ဖို့ ကျွန်မတို့ တိုက်တွန်းပါတယ်" လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

****************************************************
END / 251