အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သြစတြေးလျ နိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်လ်ကို စွဲဆိုထားသည့် ပုဒ်မ ၃(၁) (ဂ) အမှုနှင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် စွဲဆိုထားသည့် အမှုတို့ကို ယနေ့ ဖေဖော်ဝါရီလ ၁၀ရက် ရုံးချိန်းတွင် မစစ်ဆေးဖြစ်ဘဲ နောက်ရုံးချိန်း ထပ်မံ ချိန်းဆိုလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။
မစ္စတာရှောင်တာနယ်လ် အမှုတွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းလည်း ပါဝင်ပြီး ၎င်း၏ ရှေ့နေသည် ရန်ကုန်မှ နေပြည်တော်သို့ ရုံးချိန်း လာရောက်ရာ နေပြည်တော် အ၀င်၌ ကိုယ်အပူချိန် များနေ၍ ၀င်ရောက်နိုင်ခဲ့ခြင်း မရှိသောကြောင့် တရားရုံးက ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံလျှို့ ဝှက်ဥပဒေပုဒ်မ ၃(၁) (ဂ) အမှုတွင် မစ္စတာ ရှောင်တာနယ်လ်နှင့် အတူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းနှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့အပြင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးကျော်ဝင်းလည်း ပူးတွဲ စွဲဆို ခံထားရသည်။
ဝန်ကြီးဟောင်း ဦးကျော်ဝင်းနှင့် ၀န်ကြီး ဦးစိုးဝင်းတို့သည် လက်ရှိတွင် ဆေးရုံ တက်ရောက် နေရပြီး ဦးကျော်ဝင်းသည် အူကျရောဂါ ခံစားနေရပြီး ဦးစိုးဝင်းမှာ အူမကြီး ကင်ဆာ ခွဲစိတ် ထားရသည်။
ရှောင်တာနယ်လ်ကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် စွဲဆိုထားသည့် အမှုကိုလည်း ယနေ့ရုံးချိန်းတွင် မစစ်ဆေးဖြစ်ဘဲ နောက်ရုံးချိန်း ထပ်မံ ချိန်းဆိုထားသည်။ ၎င်း၏ အမှုများကို နေပြည်တော် ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံး၌ အပတ်စဉ် ကြာသာပတေးနေ့တိုင်း စစ်ဆေးလျက် ရှိသည်။
****************************************************************
END / 251
၁၀ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၀၆
News ID: 1228215