အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပဝကျေးရွာ အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၆ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ရွာသား ဦးရေ ၂၀ နီးပါး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။
ပဝကျေးရွာ၊ သက်ကယ်ဂျွန်၊ ဂုံမင်းတော နှင့် ပိန်းတော စသည့် ရွာများနှင့် အနီး တစ်ဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်နေ၍ ရွာသားများ ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
"တိုက်ပွဲက မနက်ကတည်းက ဖြစ်တာပါ။ တစ်နာရီကျော်လောက် ကြာတယ်။ စစ်ကောင်စီ အဖွဲ့က နှစ်ယောက် သေတယ်လို့ ကြားတယ်။ ရွာသားတွေ ဖမ်းဆီးခံထားရတယ်" ဟု ပဝကျေးရွာနေ ဒေသခံက ပြောသည်။
တိုက်ပွဲ မဖြစ်ပွားမီ စစ်ကောင်စီဘက်က ကင်းလှည့် လေယာဉ် ပျံဝဲခဲ့ပြီးနောက် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
"မနေ့က သူတို့ ဝါသ ဘက်ကို စစ်ကြောင်း တက်လာပြီး နေရာ ယူထားတာကို ကျွန်တော်တို့က ကြိုပြီး သတင်း ရထားလို့ မနက် ၇ နာရီ ဝန်းကျင်လောက်မှာ ဂုန်မင်းတော တောင်ကြောမှာ မိုင်းထောင်ထား လိုက်တယ်။ မိုင်းပေါက်ကွဲမှုကြောင့် သူတို့ဘက်က နှစ်ယောက်သေတယ်" ဟု တနင်္သာရီမြို့နယ် အခြေစိုက် PDF တပ်ဖွဲ့ဝင်က ပြော သည်။
လက်ရှိတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး PDF ဘက်က လက်နက်ငယ်၊ လက်လုပ် မိုင်းများဖြင့် ပြန်လည် တိုက်ခိုက်ကာ စစ်ကောင်စီတပ် ထွက်ခွာမည့် လမ်းကြောင်းကို ပိတ်ဆို့ထားကြောင်း ဒေသအခြေစိုက် PDF အဖွဲ့ထံမှ သိရသည်။
****************************************************************
END / 251
၁၇ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၁၇
News ID: 1230643
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပဝကျေးရွာ အနီးတွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၆ နာရီ ဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ရွာသား ဦးရေ ၂၀ နီးပါး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။