အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကောင်စီက ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြ၍ အကြမ်းဖက်ဖမ်းဆီးခြင်းခံခဲ့ရသည့် အလှမယ်သင်းသင်းသည် ယနေ့ ဖေဖော်ဝါရီ၂၃ ရက် ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏လူမှုကွန်ယက်မှတဆင့် အသိပေး ပြောဆိုထားသည်ကို တွေ့ရသည်။
“အိမ်ပြန်ရောက်ပါပြီ၊ စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု အလှမယ်သင်းသင်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် Liveလွှင့်၍ ပြောထားသည်။
အလှမယ်သင်းသင်းသည် တာမွေမြို့နယ်ရှိ ၎င်း၏ နေအိမ်တွင် ဖေဖော်ဝါရီ ၂၂ရက် ညပိုင်းက ယူနီဖောင်းဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်လက်နက်ကိုင်များအပါအဝင် လူအင်အားဆယ်ယောက်ကျော်ဖြင့် ဧည့်စာရင်းစစ်ရန်အတွက်ဟုဆိုကာ နေအိမ်တံခါးဖွင့်ခိုင်းပြီး အိမ်အတွင်းသို့ အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး“ဝဋ်ကြွေးတွေ ကျေချင်နေပါပြီ။ ပါစင်နယ်ကိစ္စတွေကြောင့် ဝိုင်းတိုက်ခိုက်ကြတာကိုလည်း ဘာမှပြောချင်စိတ် မရှိပါ။ အရမ်းပင်ပန်းတယ်”ဟု ပြောထားသည်ကိုလည်း တွေ့ရသည်။
ထို့အပြင် ပရိသတ်တစ်ဦးက အလှမယ်သင်းသင်း၏ ပါးနှစ်ဘက်တွင် အနီအကွက်များဖြစ်နေသည်ကို မေးမြန်းသည့်အခါ မျက်နှာက ဘာမှမဖြစ်ကြောင်းနှင့် အိပ်ရေးပျက်သည့်အတွက် အဖုထွက်လာခြင်းဖြစ်ကာ ထိခိုက်ခြင်းမရှိပါဟု ပြန်လည်ဖြေထားသည်။
အလှမယ်သင်းသင်းကို ကာမလိမ်လည်ရယူခဲ့သည်ဟုဆိုကာ အမှုရင်ဆိုင်နေရဆဲဖြစ်သော ဝေဠုကျော်သည် အလှမယ်သင်းသင်း ဖမ်းဆီးခံခဲ့ရသည့်နေ့မှာပင် မင်္ဂလာဆောင်ဓာတ်ပုံများ လူမှုကွန်ယက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည့်အတွက် ပရိသတ်များက ဝေဖန်နေကြသည်။
****************************************************************
END / 251
၂၃ ဖေဖော်ဝါရီ ၂၀၂၂ - ၂၀:၂၅
News ID: 1232781
စစ်ကောင်စီက ဧည့်စာရင်းစစ်မည်ဟု အကြောင်းပြ၍ အကြမ်းဖက်ဖမ်းဆီးခြင်းခံခဲ့ရသည့် အလှမယ်သင်းသင်းသည် ယနေ့ ဖေဖော်ဝါရီ၂၃ ရက် ညပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်း၏လူမှုကွန်ယက်မှတဆင့် အသိပေး ပြောဆိုထားသည်ကို တွေ့ရသည်။