အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် တမူး - အောင်ဇေယျ ကားလမ်းပိုင်း အသုံးပြုမှုကို ကန့်သတ်လိုက်ပြီး တရားမဝင် ပစ္စည်း သယ်ဆောင်မှုများ မပြုရန် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (တမူး) တပ်ရင်း (၁) က ယနေ့ မတ်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။
“ စစ်ကောင်စီ တပ်သားတွေက အထက်ဘက်ရှိတဲ့ သူတို့ စခန်းတွေကို ရိက္ခာလူသူ ဖြည့်တင်းတဲ့ အခါ စစ်ကားတွေ မသုံးဘဲ အရပ်သား ကားတွေကို သုံးပြီး ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေတာတွေကို ကွဲပြားသွားအောင်နဲ့ မှောင်ခို လုပ်နေတာတွေကို ကိုင်တွယ်ဖို့ သတိပေးတာပါ” ဟု PDF - Tamu မှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမ ကိုပြောသည်။
တမူးမြို့မှ မြောက်ဘက်သို့ သွားသည့် ကားလမ်း တစ်လျှောက် ည ၇ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းမောင်းနှင်ခြင်း မပြုလုပ်ကြရန် နှင့် အိမ်စီးကားနှင့် မှန်လုံကားများ သတ်မှတ်ချိန် အတွင်း မှန်ချ မောင်းနှင် သွားကြရန် ဆိုထားသည်။
ကျန်းမာရေး ကိစ္စနှင့် အရေးပေါ် ကိစ္စများ ပေါ်ပေါက်ပါက ၎င်းတို့ထံ ဆက်သွယ် အသိပေး၍ ခွင့်ပြုချက် ယူကာ သွားလာကြရမည် ဖြစ်သည်ဟု ဆိုသည်။
ကုန်တင်ယာဉ်များ အနေဖြင့် ယာဉ်နောက်ပိုင်း ကိုယ်ထည်များကို ဖုံးအုပ်ထားခြင်း လုံးဝ မပြုလုပ်ရန် တားမြစ်ကြောင်းလည်း ဖော်ပြထားသည်။
စစ်ကောင်စီ ထောက်တိုင်များ၏ ထုတ်ကုန် မှန်သမျှနှင့် ဆက်စပ်သော ပစ္စည်းများ သယ်ဆောင်ခြင်း မပြုလုပ်ရန်နှင့် စစ်တပ် ၊ ရဲနှင့် ပူးပေါင်းပြီး တိုင်းပြည်၏ သယံဇာတများ ဖြစ်သော သစ် ၊ ကျွဲနွားများ ၊ တရားမဝင် မှောင်ခို ပစ္စည်းများ သယ်ဆောင်ခြင်း မပြုရန်လည်း သတိ ပေးထားသည်။
စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး အိန္ဒိယ နိုင်ငံဘက်သို့ တိုင်းပြည်၏ အရင်းအမြစ်များ တရားမဝင် ရောင်းချ သယ်ဆောင်နေသူများနှင့် ပတ်သက်၍လည်း သတင်းအချက်အလက် ရရှိပြီး ဖြစ်သည်ဟု ဆိုသည်။
ယခုထုတ်ပြန် ကြေညာချက်အား ပြည်လည် ပြင်ဆင်ခြင်း (သို့မဟုတ်) ပြန်လည် ရုပ်သိမ်းကြောင်း ထပ်မံ မထုတ်ပြန်သည် အထိ လိုက်နာရမည် ဖြစ်ပြီး စည်းကမ်းချက်များအား လိုက်နာခြင်း မရှိပါက ပျက်ကွက်သူ၏ တာဝန်သာ ဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက် များကို PDF - Tamu တပ်ရင်း (၁) က တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။
****************************************************************
END / 251
၃၀ မတ် ၂၀၂၂ - ၁၉:၃၀
News ID: 1243224
စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် တမူး - အောင်ဇေယျ ကားလမ်းပိုင်း အသုံးပြုမှုကို ကန့်သတ်လိုက်ပြီး တရားမဝင် ပစ္စည်း သယ်ဆောင်မှုများ မပြုရန် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (တမူး) တပ်ရင်း (၁) က ယနေ့ မတ်လ ၃၀ ရက်တွင် ထုတ်ပြန်သည်။