၂၂ ဒီဇင်ဘာ ၂၀၂၃ - ၀၅:၁၁
မလေးရှားတွင် တရားမဝင်နေထိုင်သူများအားစစ်ဆေးရာ မြန်မာ ၅၀ ခန့် အဖမ်းခံရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ကိုတာရာယာမြို့လယ်ခေါင်ရှိ ဈေးဆိုင်တန်းများကို ဒီဇင်ဘာ ၂၁ ရက် မနက် ၁၀ နာရီဝန်းကျင်က မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအပါအဝင် အထူးရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ခန့်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားဝင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅၀ ဦးခန့် အဖမ်းခံရကြောင်း သိရသည်။

    
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ကိုတာရာယာမြို့လယ်ခေါင်ရှိ ဈေးဆိုင်တန်းများကို ဒီဇင်ဘာ ၂၁ ရက် မနက် ၁၀ နာရီဝန်းကျင်က မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအပါအဝင် အထူးရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀၀ ခန့်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားဝင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅၀ ဦးခန့် အဖမ်းခံရကြောင်း သိရသည်။

မလေးရှားရောက် မြန်မာများကို ကူညီနေသည့် နှလုံးလှပရဟိတ သွေးလှူရှင်များအဖွဲ့မှ ဥက္ကဋ္ဌ ကိုသက်က “လော်လီကားက အစီးရေ ၂၀ ကျော်လောက်နဲ့ ပိုက်စိပ်တိုက်ဝင်တယ်။ ပတ်ဝန်းကျင်ကိုလည်း ဘေးကားတွေ ဝင်မရအောင် မော်တော်ပီကယ်တွေနဲ့ ပိတ်လိုက်တယ်။ ဝင်ပြီးတာနဲ့ တပြိုင်ထဲ တဆိုင်ဝင် တဆိုင်ထွက် အားလုံးဝိုင်းပြီး ဖမ်းတာ။ ဘင်္ဂလားဒေရှ့်၊ နီပေါ၊ မြန်မာတွေ ပါတယ်။ မြန်မာတွေကတော့ တဆိုင်မှာ ၂ ယောက်၊ ၃ ယောက်ကနေ ၄၊ ၅၊ ၆ ယောက်ထိ ပါကြတယ်။ အတိအကျတော့ မသိပေမယ့် ခန့်မှန်း ၄၀ နဲ့ ၅၀ ဦးလောက် ဖမ်းဆီးခံရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ဝင်ဖမ်းသည့်နေရာ၌ မြန်မာ၊ ဘင်္ဂလားဒေရှ့် နိုင်ငံသားများက စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ KTV၊ အသားဆိုင် အစရှိသဖြင့် ဖွင့်လှစ်လုပ်ကိုင်နေသည့်သူများ၊ အလုပ်သမားများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “ဒီလ နေထိုင်ခွင့်ပိတ်ရင် အခုထက် ပိုကြမ်းဖို့တွေ ရှိတယ်။ မနေ့က ဝင်သွားတာဆိုရင် တော်တော် လေး ကြမ်းတယ်။ ကျနော်တို့ဆီမှာ အရင်ကလည်း ဝင်ဖူးတယ်။ ဖမ်းပြီးမှ လော်လီကားတွေနဲ့ ရောက်လာတာ။ အခုက ရောက်လာတာနဲ့ သေနတ်တွေနဲ့ပါ ဝိုင်းပြီးမှ ဖမ်းတာ။ မနေ့က ခေတ်ပျက်သလိုပဲ ဖြစ်သွားတာ” ဟု အခြေအနေကို ရှင်း ပြသည်။
ယခုကဲ့သို့ ဝင်ရောက်ဖမ်းဆီးခြင်းမှာ ဒီဇင်ဘာလကုန်တွင် နေထိုင်ခွင့် သက်တမ်းကုန်မည့် အခြေအနေများလည်း ရှိနေ၍ မလေးရှားအစိုးရက စီမံချက်များဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၂ လ၊ ၃လ ဆက်တိုက် ဖမ်းဆီး ခြင်းများပြုလုပ်နေသောကြောင့် မြန်မာများ နေထိုင်ခွင့် အထောက်အထားတခုခုအား အမြဲ ဆောင်ထားသင့်ကြောင်း ၎င်းက အကြံပြုသည်။
ယင်းဈေးဆိုင်ခန်းများတွင် နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနှင့် ဆေးကုခန်းများကို ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် အတွက် မလေးရှား အာဏာပိုင်များက ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။

****************************************************************
END / 251