၂၉ မေ ၂၀၂၄ - ၂၀:၂၄
AD လိုင်စင်ရဘဏ်များ ထုတ်ပြန်သည့် ငွေလဲနှုန်းကိုသာ ယုံကြည်ကြရန် ဗဟိုဘဏ်တိုက်တွန်း

အွန်လိုင်းပေါ်က ဒေါ်လာဈေးတွေကို မယုံကြည်ဘဲ AD လိုင်စင်ရဘဏ်တွေက ထုတ်ပြန်တဲ့ ငွေလဲနှုန်းကိုသာ ယုံကြည်ကြဖို့ စစ်ကောင်စီဗဟိုဘဏ်က မေ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အွန်လိုင်းပေါ်က ဒေါ်လာဈေးတွေကို မယုံကြည်ဘဲ AD လိုင်စင်ရဘဏ်တွေက ထုတ်ပြန်တဲ့ ငွေလဲနှုန်းကိုသာ ယုံကြည်ကြဖို့  စစ်ကောင်စီဗဟိုဘဏ်က  မေ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဗဟိုဘဏ်က အဲဒီလိုပြောပေမဲ့ ပြင်ပပေါက်စျေးနဲ့ ဗဟိုဘဏ်သတ်မှတ်‌ပေးထားတဲ့ AD လိုင်စင်ရ ဘဏ်တွေရဲ့ ပေါက်ဈေးကတော့ ကွာဟချက် များနေတာကို တွေ့ရပါတယ်။

ဒီကနေ့ မေ ၂၉ ရက် ပြင်ပစျေးကွက်မှာ ဒေါ်လာပေါက်ဈေးက တဒေါ်လာ ၄၅၀၀ ဝန်းကျင် ပေါက်နေချိန်မှာ AD လိုင်စင်ရဘဏ်တွေရဲ့ ဒေါ်လာစျေးနှုန်းကတော့ ၃၃၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။

AD လိုက်စင်ရ ဘဏ်တွေထဲကတခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ရဲ့ဒေါ်လာစျေးနှုန်းကတော့ တဒေါ်လာ ကျပ် ၃၃၂၆ ဝယ်ဈေး သတ်မှတ်ထားပြီး ရောင်းစျေးကတော့ တဒေါ်လာကျပ် ၃၃၃၁ ကျပ် ရှိပါတယ်။

ဒါပေမဲ့ အဲဒီစျေးနှုန်းက ပြည်သူတိုင်း ဝယ်ယူခွင့်ရတဲ့ စျေးနှုန်းမဟုတ်ပါဘူး။ အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြည်ပကို အလုပ်သွားလုပ်မယ့် အလုပ်သမားတွေ၊ ပညာတော်သင်တွေ၊ ဆေးကုသမှုခံယူမယ့်လူတွေ၊ ဘုရားဖူးထွက်မယ့်လူတွေကို ပြည်ပအစိုးရတွေရဲ့ ဖိတ်ကြားချက်အရ အစည်းအဝေး တက်ရောက်မယ့်သူတွေကိုသာ ရောင်းချတဲ့ ဈေးနှုန်းဖြစ်ပြီး ဝယ်ယူတဲ့အခါမှာလည်း အများဆုံးဒေါ်လာ ၅၀၀ သာ ရပါတယ်။

ပြင်ပဈေးကွက်က အမေရိကန်ဒေါ်လာ ပေါက်ဈေးကတော့ ၄၅၀၀ အထက်ထိ တောက်လျှာက်မြင့်တက်နေတာဖြစ်ပြီး တပတ်အတွင်း အမေရိကန် တဒေါ်လာကို ၅၀၀ ကျပ်ဝန်းကျင် အတက်ရှိခဲ့ပါတယ်။

အလားတူ ပြည်တွင်းရွှေဈေးကလည်း မေ ၂၉ ရက် ညနေမှာ ၅၇ သိန်းကျော်နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပြီး တပတ်အတွင်း အခေါက်ရွှေ တကျပ်သားကို ကျပ် ၅ သိန်းကျော် အတက်ရှိခဲ့ပါတယ်။
.......................................................
END / 251