၂၂ ဇွန် ၂၀၂၄ - ၁၈:၅၇
ဝင်းနိမ္မိတာရုံဆရာတော်ပစ်ခတ်ခံရမှု သည်းခံခွင့်လွှတ်ကြရန် သီတဂူဆရာတော် တိုက်တွန်း

စစ်တပ်ကပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ကျောင်းတိုက်ကို ဒီနေ့ သီတဂူဆရာတော် လာရောက်ပြီး သည်းခံခွင့်လွှတ်ကြဖို့၊ ဒီအမှုကို ပျောက်ပျက်အောင် နှလုံးသွင်းကြဖို့ တိုက်တွန်းဟောကြား ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်တပ်ကပစ်ခတ်လို့ ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ရဲ့ ကျောင်းတိုက်ကို ဒီနေ့ သီတဂူဆရာတော် လာရောက်ပြီး သည်းခံခွင့်လွှတ်ကြဖို့၊ ဒီအမှုကို ပျောက်ပျက်အောင် နှလုံးသွင်းကြဖို့ တိုက်တွန်းဟောကြား ပြောဆိုခဲ့ပါတယ်။

သီတဂူဆရာတော်က “သံဃာတော်အရှင်မြတ်များနဲ့ ဆိုင်တာကတော့ ၁ သည်းခံခြင်း၊ ၂ ခွင့်လွှတ်ခြင်း၊ ၃ ကတော့ မေ့ပျောက်ခြင်း။ ခွင့်လွှတ်တော်မူကြပါ။ မေ့ပျောက်အောင် ကြိုးစားတော်မူကြပါ။ သည်းခံတော်မူကြပါ။ စိတ်ဆိုးမှုတွေကို ထိန်းသိမ်းတော်မူကြပါ။ ဒေါသတွေကို ထိန်းသိမ်းတော်မူကြပါ။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ဒီအမှုကိစ္စကြီးကို ပျောက်ပျက်အောင် နှလုံးသွင်းတော်မူကြပါဘုရား” လို့ ပြောပါတယ်။

ဗုဒ္ဓဘုရားလက်ထက်က အကြောင်းအရာတွေနဲ့ အင်္ဂလိပ်စကားကို ညှပ်ညှပ်ပြီး နာရီဝက်ကြာ ပြောဆိုတာတွေမှာ သည်းခံကြဖို့ကိုပဲ တတွတ်တွတ်ပြောသွားတာကို တွေ့ရပါတယ်။

သည်းမခံနိုင်ရင် သူတပါး သပ်လျှိုတာ ခံရမှာဖြစ်ပြီး သာသနာအတွက် ဝမ်းနည်းစရာတွေ ဖြစ်လာမယ်လို့လည်း သူက ဆိုပါတယ်။

ဒီအပေါ်မှာ ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်)က “ပိုပြီးသတ်ဖြတ်နိုင်အောင်၊ ပိုပြီး ရက်စက်နိုင်အောင်၊ ပိုပြီး ယုတ်မာနေအောင် မြှောက်ပေးနေခြင်းတမျိုးပဲ ဖြစ်ပါတယ်” လို့ The Voice of Spring ကို မိန့်ကြားထားပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ကမ္မရွာနားမှာ ဇွန် ၁၉ ရက် မနက်ပိုင်းက စစ်တပ်က ပစ်ခတ်လို့ ပျံလွန်တော်မူခဲ့ပြီး ဖြစ်ဖြစ်ချင်းမှာ PDF တွေ ပစ်ခတ်တာလို့ စစ်တပ်က လိမ်ညာခဲ့ပေမဲ့ ကားပေါ်မှာ အတူပါတဲ့ ဆရာတော်တပါးက အဖြစ်မှန်ကို ထုတ်ဖော်ပြောလိုက်တဲ့နောက်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တာလို့ ဝန်ခံလာတာဖြစ်ပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အပါအဝင် နိုင်ငံတဝန်း  စစ်ကောင်စီတပ်ရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်အရေအတွက်ဟာ  ၅၂ ပါးရှိသွားပြီဖြစ်ပြီး သံဃာကိုသတ်ဖြတ်တဲ့အမှုဟာ ပဉ္စာနန္တရိယကံထိုက်တဲ့ပစ်မှုဖြစ်လို့ သံဃာထုတရပ်လုံးက စစ်ကောင်စီကိုသပိတ်မှောက်တော်လှန်ကြဖို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ဆိုထားပါတယ်။
.......................................................
END / 251