အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသူများ ရုံးထုတ်လာစဉ်
သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ရှေ့နေကိုယ်စားလှယ်လွှဲစာကိုသာယာဝတီအကျဉ်းထောင်မှတာဝန်ရှိသူများက ထုတ်မပေးသည့်အပေါ် တရားလွှတ်တော်ရှေ့နေများက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဖုန်းမြင့်နှင့် စခန်းမှူး ဒုရဲမှူးစန်းမြင့်တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုဖြင့် အရေးယူပေးရန် လျှောက်ထားမှုနှင့် အမှုကိုပယ်ဖျက်ပေးရန် လျှောက်ထားမှုတို့ကို သာယာဝတီမြို့နယ်တရားရုံးက ပယ်ချခဲ့သည့်အပေါ် သာယာဝတီခရိုင်တရားရုံးနှင့် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သို့ ဆက်လက်တင်ပြရန် ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ရှေ့နေကိုယ်စားလှယ်လွှဲစာ လိုအပ်သော ကြောင့် သာယာဝတီအကျဉ်းထောင်၌ စက်တင်ဘာ ၁ ရက်တွင် သွားရောက်တောင်းဆိုထားခြင်း ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် ဦးလှမျိုးမြင့်တို့ စက်တင်ဘာ ၁၅ ရက်တွင် သာယာဝတီအကျဉ်းထောင်သို့ သွားရောက်၍ ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ရှေ့နေကိုယ်စားလှယ် လွှဲစာတောင်းယူရာသာယာဝတီအကျဉ်းထောင်ပိုင်၏ လက်မှတ်လိုအပ်ပြီး နေပြည်တော်သို့ အစည်းအဝေးသွားနေသောကြောင့် မရနိုင်ကြောင်း သာယာဝတီအကျဉ်းထောင်မှ ဒုတိယကြီးကြပ်ရေးမှူး ဦးသီဟတင်နှင့် ဦးဝင်းသန့်တို့က အကြောင်းပြန်ကြားခဲ့သည်။
‘‘အင်းစိန်ထောင်မှာတောင်မှ သုံးရက်လောက်ပဲကြာတဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာလက်မှတ်ရေးထိုးမှုကို သာယာဝတီထောင်က ကနေ့အချိန်ထိ ခွင့်မပြုဘဲ အချိန်ဆွဲထားတာဟာ လူ့အခွင့်အရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အယူခံဝင်ပိုင်ခွင့်၊ ပြင်ဆင်မှုတက်ရောက်ပိုင်ခွင့် အခွင့်အရေးတွေကို နှောင့်နှေးကြန့်ကြာအောင် ဟန့်တားပိတ်ပင်သလို ဖြစ်တယ်။ အဲဒါက လူ့အခွင့်အရေးချိုးဖောက်ခံရတာပါ။ ကျွန်တော်တို့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တင်မှာပါ’’ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ရှေ့နေကိုယ်စားလှယ်လွှဲစာကို တစ်ပတ်အတွင်းထုတ်ပေးရန် သာယာဝတီအကျဉ်းထောင်ရှိ တာဝန်ရှိသူများထံသို့ တောင်းဆိုခဲ့ပြီး မရရှိပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။
‘‘ထောင်ထဲမှာရှိနေတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၄ယောက်ရဲ့ ရှေ့နေကိုယ်စားလှယ်လွှဲစာရရင် အမှုကို ချေဖျက်ပေးဖို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ကို တင်ပြမှာပါ။
အဲဒါမရသေးတဲ့အတွက် တင်လို့မရသေးဘူး။ တစ်ပတ်အတွင်းရအောင်လုပ်ပေးဖို့ ပြောခဲ့တယ်။ အဲဒါမှမရရင်တော့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်မှာပါ’’ဟု ဦးလှမျိုးမြင့်က ပြောသည်။
သာယာဝတီမြို့နယ် တရားရုံးသည် သာယာဝတီထောင်၌ ဖမ်းဆီးထားသည့် ကျောင်းသားများအပါအ၀င် ၀န်းရံပြည်သူများနှင့် ရန်ကုန်မြို့၌ ဖမ်းဆီးခံရသည့် ကျောင်းသားခေါင်းဆောင် ကိုနန္ဒစစ်အောင်တို့ကို ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်မှုပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုခဲ့သည်။
---------------------------------------
251 / End