အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဟာ့ဂ်ျကာလအတွင်း ဘာသာရေးမြို့တော် မက္ကာတွင် ဖြစ်ပွားခဲ့သည့် မတော်တဆမှုများကြောင့် သေဆုံးသူ အရေအတွက်ကို ဆော်ဒီ အာရေးဗီးယား အစိုးရက ၁၁၀၀ နီးပါးအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဆော်ဒီအစိုးရသည် စက်တင်ဘာ ၂၉ ရက်တွင် ရုပ်အလောင်း ၁၀၉၀ တို့၏ ဓာတ်ပုံများကို သံရုံးများသို့ ပေးပို့ပြီး သက်ဆိုင်ရာ သံရုံးများ၏ နိုင်ငံသားများ ပါဝင်ခြင်း ရှိ၊ မရှိ ကူညီ ရှာဖွေပေးရန် ပန်ကြားခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့က ယခုလအတွင်း မက္ကာတွင် ဖြစ်ပွားသည့် ကရိန်းပြိုကျမှုနှင့် မီနာတွင် ဖြစ်ပွားသည့် လူအုပ်တိုးဝှေ့မှုများနှင့် ပတ်သက်၍ ဆော်ဒီ အစိုးရထံမှ ရုပ်အလောင်း ဓာတ်ပုံ ၁၀၉၀ ကို လက်ခံရရှိခဲ့ကြောင်း အသီးသီး အတည်ပြုခဲ့ကြသည်။ မက္ကာမြို့အနီး မီနာတွင် ဝတ်ပြုသူများ စုပြုံတိုးဝှေ့ရာမှ လူအုပ်ပြိုကျပြီး လူနင်းမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
အစောပိုင်းတွင် ဆော်ဒီအစိုးရက လူနင်းမှုများကြောင့် အသေအပျောက် ပမာဏ ၇၀၀ ကျော်မျှ ရှိခဲ့ပြီး ကရိန်းပြိုကျမှုကြောင့် လူ ၁၀၀ ဝန်းကျင်မျှ အသက်ဆုံးရှုံးကြောင်း ကြေညာခဲ့သော်လည်း ယခုအခါ ၁၀၉၀ ထိ မြင့်တက်လာခြင်း ဖြစ်သည်။ ဆော်ဒီ ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ် မန်ဆာ အယ်လ်တာကီကမူ သံရုံးများသို့ ပေးပို့သည့် ဓာတ်ပုံများတွင် မက္ကာသို့ ရောက်လာပြီး သမားရိုးကျ သေဆုံးသူများပါ ပါဝင်ကြောင်း ကာကွယ် ဖြေရှင်းခဲ့သည်။
ဆော်ဒီသည် အစ္စလာမ် ဘာသာရေးအရ အထွဋ်အမြတ်ထားရာ ဒေသဖြစ်သည့် မက္ကာကို ထိန်းသိမ်းထားသော်လည်း ယခုဖြစ်ရပ်က သိက္ခာကျစရာ ဖြစ်ခဲ့သည်။ ဟာ့ဂ်ျကာလ မတိုင်မီ စက်တင်ဘာ ၁၁ ရက်က မက္ကာရှိ နိုင်ငံတော် ဗလီ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်းပြိုကျရာ လူ ၁၁၁ ဦး သေဆုံးခဲ့သည်။
---------------------------------------
251 / End