အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယား အရေးတွင် ရုရှားသာ ပါဝင်မလာပါက အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး တည်ငြိမ်မှု ပျက်ပြားသွားနိုင်ကြောင်း ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆက်ဒ်က ပြောကြားလိုက်သည်။
ရုရှားသည် ၎င်းတို့၏ မဟာမိတ် ဆီးရီးယား အစိုးရကို စစ်ရေး အကူအညီပေးကာ ပြည်တွင်းစစ်တွင် ပါဝင်လာခဲ့သည်။ ရုရှားသည် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်လာသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့ အပါအဝင် အာဆက်ဒ်၏ ရန်သူတော် သူပုန်တပ်များကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ရန် အရှိန်မြှင့် လုပ်ဆောင်နေသည်။
တစ်ဖက်တွင် အီရန်မှ တပ်ဖွဲ့ဝင် အချို့သည်လည်း ဆီးရီးယားသို့ ဆိုက်ရောက်လာပြီး အာဆက်ဒ်၏ သစ္စာတော်ခံများနှင့် ပူးပေါင်းကာ မြေပြင်ထိုးစစ်တွင် ပါဝင်တိုက်ခိုက်သွားဖွယ် ရှိနေကြောင်း သတင်းထွက်လျက် ရှိသည်။ အာဆက်ဒ်က ဆီးရီးယား အရေးတွင် ရုရှား ပါဝင်လာမှုနှင့် ပတ်သက်ပြီး “တကယ်တော့ ရုရှား၊ ဆီးရီးယား၊ အီရတ်နဲ့ အီရန်တို့ မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက်မှု အောင်အောင်မြင်မြင် ဖြစ်ထွန်းဖို့ လိုပါတယ်။ မဟုတ်ရင် အရှေ့အလယ်ပိုင်း ဒေသကြီး တစ်ခုလုံး ပျက်စီးကိန်း ကြုံသွားနိုင်တယ်။ အခု ပေါင်းစည်းမှု ဖြစ်မြောက်လာရင် အောင်မြင်မှုတွေ ရရှိနိုင်မယ့် အခွင့်အလမ်းက ပိုပြီး ကျယ်ပြန့်လာမှာပါ”ဟု ပြောကြားခဲ့သည်။
ဆီးရီးယား အရေးတွင် ရုရှား ပါဝင်လာမှုကို ဆီးရီးယားနှင့် အီရတ်တို့တွင် အိုင်အက်စ်တို့ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည့် အမေရိကန်နှင့် မဟာမိတ်များက သံသယဖြင့် စောင့်ကြည့်နေသည်။ ရုရှားသည် ပြီးခဲ့သည့် သီတင်းပတ်က သူပုန်တပ်များကို လေကြောင်းမှ စတင်တိုက်ခိုက်ပြီး ထိုးစစ်အရှိန်ကို မြှင့်တင်သွားရန်လည်း ပြင်ဆင်နေသည်။ သတင်းများက ရုရှားလေတပ် ဗုံးကြဲခဲ့သည့် သူပုန်တပ်များသည် အမေရိကန် ထောက်လှမ်းရေးဌာန (စီအိုင်အေ)က လေ့ကျင့်ပေးထားသည့် အဖွဲ့များဟု ဖော်ပြခဲ့သော်လည်း ရုရှားအစိုးရကမူ အိုင်အက်စ်နှင့် ၎င်းတို့၏ သစ္စာခံ အဖွဲ့များကိုသာ ပစ်မှတ်ထားခဲ့ကြောင်း အခိုင်အမာ ကြေညာခဲ့သည်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက “ရုရှား လေတပ်ဖွဲ့တွေဟာ ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်တဲ့ ဒုံးကျည်တွေကို အသုံးပြုပြီး ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ် စစ်ဘက်အဆောက်အအုံတွေကို အရှိန်မြှင့် တိုက်ခိုက် ဖျက်ဆီးသွားမှာ ဖြစ်ပါတယ်”ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
---------------------------------------
251 / End