အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ကန်ကြီးထောင့်မြို့နယ် ရဲစခန်းအား တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ် တင်ခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် ဖမ်းဆီးထားသော ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအား တရားစွဲဆိုနိုင်ခြင်း မရှိသေးဟု ဆိုကာ အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။
"ဦးသန်းထွန်းကို ဒီနေ့ မနက်မှာ အာမခံနဲ့ ပြန်လွှတ်တယ်။ ရမန်ယူထားပြီး ရဲလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ရမန်ကုန်တဲ့နေ့အထိ တရာစွဲတင်နိုင်တဲ့ တပ်ဖွဲ့အတွင်း အဆင့်ဆင့်တင်ပြတဲ့ အမှုတွဲမှတ်ချက် ပြန်မရောက် သေးလို့ပါ။ ကျင့်ထုံးဥပဒေ ပုဒ်မ-၁၇၀(၁) အရ လုံလောက်တဲ့ ခံဝန်ပေးနိုင်တဲ့ အာမခံနှစ်ဦးရဲ့ အာမခံနဲ့ လွတ်ပေးတာပါ။ အမှုတွဲ ပြန်ရောက်လာတဲ့ အခါမှာ ဆက်လက် ဆောင်ရွက်သွားမှာပါ" ဟု ကန်ကြီးထောင့်မြို့နယ် မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ဦးရဲလွင်က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားသည်။
ThuThu အမည်ရှိသော Facebook Account ၌ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံကို ညစ်ညမ်းပုံဖြစ်အောင် ပြုပြင်၍ ဓါတ်ပုံပေါ်၌ အသရေ ဖျက်စာသားများ ရေးသားခဲ့ဖြင့် အဆိုပါ ဓာတ်ပုံများကို သက်သေခံ ပစ္စည်းအဖြစ် မှတ်တမ်းတင်ပြီး ဦးသန်းထွန်းကို ပြစ်မှု အမှတ် ၁၅၇/၂၀၁၅၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူ ဆောင်ရွက်ပေးရန် ကန်ကြီးထောင့် မြို့ခံလူငယ်များ အနေဖြင့် ဦးစည်သူအောင်က ဦးဆောင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုင်ကြားချက်အရ ဦးသန်းထွန်းကို အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ကန်ကြီးထောင့် မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၂ ရက်နေ့အထိ တရာရုံးတွင် ရမန်ယူခဲ့ပါသည်။ ထိုကဲ့သို့ တရားရုံးတွင် ချုပ်ရက် ရမန်ယူခဲ့သော်လည်း ဦးသန်းထွန်း၏ ၀မ်းဗိုက်ဝေဒနာကြောင့်ဟု ဆိုကာ ရဲအချုပ်တွင် မထားဘဲ ရဲအစောင့်ဖြင့် ကန်ကြီးထောင့်ဆေးရုံနှင့် ပုသိမ်ဆေးရုံတို့တွင် အလှည့်ကျ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။ ထို့နောက် အဆိုပါ ကာလအတွင်း စစ်ဆေးတွေ့ရှိချက်များကို မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်သို့ တင်ပြခဲ့သော်လည်း မှတ်ချက်တစ်စုံတရာ မပေးသဖြင့် ယခုကဲ့သို့ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"ဒီအမှုနဲ့ ပတ်သက်ပြီး ပြောချင်တာက ဥပဒေအရ ဆောင်ရွက်တာ မှန်တယ်။ လုပ်ထုံးလုပ်နည်းတွေ မှားနေတယ်လို့ ပြောချင်တယ်။ ပုဒ်မ-၁၇၀(၁)အရ လွှတ်မယ်ဆိုလည်း ချုပ်ရမန်ပေးတဲ့ တရားရုံးမှာ ရုံးထုတ်ပြီး တရားစွဲ မတင်နိုင်ဘူး၊ ချုပ်ရမန်လည်း ထပ်မတောင်းဘူးဆိုရင် လုံလောက်တဲ့ အကြောင်းပြချက်နဲ့ လွှတ်ရမယ်။ လမ်းညွှန်မှုယူတယ် ဆိုလည်း ဒီကြာချိန်မှာ ရအောင်ယူပေါ့။ ခုလို ဆိုတော့ သံသယဖြစ်စရာ ချိတ်ဆက်ကြီး ဖြစ်နေတယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ရုံးချိန်းမှာတောင် တရားရုံးရှေ့ မတွေ့လိုက်ရဘူး ဆိုတော့ တဖက်က အမြင်စောင်းစရာ ဖြစ်တယ်။ ဒါဟာ အာဏာရပါတီရဲ့ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် ရွေးကောက်ပွဲချိန်မှာ အပြင်မှာ ရှိစေချင်လို့ အာမခံပေးတယ်လို့ ကျွန်မမြင်တယ်" ဟု ဦးဆောင်တိုင်ကြား သူများထဲတွင် ပါဝင်သော တရားလွတ်တော်ချုပ်ရှေ့နေ ဒေါ်မြင့်သိန်းက ပြောပါသည်။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်သော ထဘီအရောင်နှင့် တပ်မတော် ယူနီဖောင်း အရောင်ကို Facebook တွင် နှိုင်းယှဉ်ဖော်ပြမှုကြောင့်ဟု ဆိုကာ မအူပင်မြို့နယ်မှ မချောစန္ဒီထွန်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုထားပြီး၊ တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းအောင် Facebook တင်မှုကြောင့်ဟုဆိုကာ ကချင်အမျိုးသား ဦးခွန်ဂျာလီကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ထားပါသည်။
မချောစန္ဒီထွန်းနှင့် ဦးခွန်ဂျာလီတို့ နှစ်ဦးစလုံးကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း အာမခံဖြင့် လွှတ်ပေးခြင်း မရှိဘဲ ရုံးထုတ် စစ်ဆေးမှုများ အဆင့်ဆင့် ပြုလုပ်နေချိန်၌ ၎င်းတို့နည်းတူ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် ဖမ်းဆီးခံရသူ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
==================
251 / End