၂၅ နိုဝင်ဘာ ၂၀၁၅ - ၁၉:၄၅
တိုက်လေယာဉ် ပစ်ချခံရမှုအပြီးတွင် ပူတင်က မြေထဲပင်လယ်သို့ ဒုံးကျည်တင် သင်္ဘောတစ်စီး ချက်ချင်းစေလွှတ်

ဆီးရီးယားတွင် ရုရှားတိုက်လေယာဉ် ပစ်ချခံရမှု ဖြစ်ပွားပြီးနောက် ရုရှားသမ္မတ ဗလာဒီမူပူတင်သည် ခရုစ်ဒုံးကျည်တင် စစ်သင်္ဘောတစ်စီးကို မြေထဲပင်လယ်သို့ ချက်ချင်းစေလွှတ်ခဲ့ကြောင်း သိရသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားတွင် ရုရှားတိုက်လေယာဉ် ပစ်ချခံရမှု ဖြစ်ပွားပြီးနောက် ရုရှားသမ္မတ ဗလာဒီမူပူတင်သည် ခရုစ်ဒုံးကျည်တင် စစ်သင်္ဘောတစ်စီးကို မြေထဲပင်လယ်သို့ ချက်ချင်းစေလွှတ်ခဲ့ကြောင်း သိရသည်။

NATO မဟာမိတ် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော တူရကီက မိမိတို့လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာသည့်အတွက် နိုဝင်ဘာ ၂၄ ရက်တွင် ရုရှားလေတပ်၏ Su-24 ဗုံးကြဲ တိုက်လေယာဉ်ကို ပစ်ချခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ ရုရှားသည် ဆီးရီးယားတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်လျက်ရှိရာ ပူတင်ကအကြမ်းဖက်သမားများကို နှိမ်နင်းနေရာတွင် တူရကီက ရုရှား၏ နောက်ကျောကို ဓားဖြင့်ထိုးခဲ့ခြင်းဟု စွပ်စွဲခဲ့သည်။

၁၉၅၃ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် NATO တပ်ဖွဲ့ဝင် နိုင်ငံတစ်ခုက ရုရှားတိုက်လေယာဉ်တစ်စီးကို ပစ်ချခဲ့သည့် ဖြစ်စဉ်အပြီးတွင် အလွန်ပြင်းထန်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာလိမ့်မည်ဟုလည်း ရုရှားက ခြိမ်းခြောက်ထားသည်။ မော်စကို အခြေစိုက် နိုင်ငံတကာရေးရာ လေ့လာသူများက စစ်ပွဲတစ်ပွဲပင် ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်ထားသည်။

တူရကီစစ်တပ်က ရုရှားတိုက်လေယာဉ်ကို နယ်ကျော်လာကြောင်း ၅ မိနစ်မျှ ဆက်သွယ်အသိပေးနေသည့်တိုင် လက်မခံသဖြင့် F-16 တိုက်လေယာဉ်နှစ်စီးက ပစ်ချခဲ့ခြင်းဟု ကြေညာခဲ့သည်။ ၎င်းတို့က ထိုလေယာဉ်သည် ရုရှားပိုင်ဟု အတိအကျမသိခဲ့ဟုလည်း ဆိုသည်။ တူရကီလေတပ်သည် ယခင်ကလည်း ဆီးရီးယားလေတပ်မှ တိုက်လေယာဉ်အနည်းဆုံးတစ်စီးမျှကို ပစ်ချခဲ့ဖူးပြီး ဖြစ်သည်။


ပစ်ချခံလိုက်ရသည့် ရုရှားတိုက်လေယာဉ်ကို တွေ့ရစဉ်



ပူတင်သည် ယခုဖြစ်ရပ် အပြီးတွင် အရှေ့အလယ်ပိုင်း၌ အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် တူရကီနှင့် ပူးပေါင်းလုပ်ဆောင်မှုအားလုံးကို ရပ်ဆိုင်းခဲ့သလို စစ်သင်္ဘောတစ်စီးကိုလည်း မြေထဲပင်လယ်သို့
စေလွှတ်ခဲ့သည်။ လေကြောင်းကာကွယ်ရေးစနစ်ပါရှိသည့် အဆိုပါ ခရုစ်ဒုံးကျည်တင်သင်္ဘောသည် ဆီးရီးယားတွင် ရုရှားတိုက်လေယာဉ်များ၏ စစ်ရေးတာဝန်ထမ်းဆောင်နေမှုကို နှောင့်ယှက်သည့် မည်သည့်လေယာဉ်ကိုမဆို ပစ်ချရန် အသင့်ရှိနေကြောင်းလည်း သိရသည်။

အမေရိကန် သမ္မတ ဘာရတ်အိုဘားမား၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်း အပါအဝင် နိုင်ငံခေါင်းဆောင်များက ယခုဖြစ်ရပ်ကို ခေါင်းအေးအေးထားပြီး ဖြေရှင်းရန်တိုက်တွန်းထားကြသည်။ ဗြိတိန်နိုင်ငံက မိမိတို့အနေဖြင့် တူရကီကို ထောက်ခံရပ်တည်ကြောင်း ကြေညာပြီး ရုရှားတပ်များ၏ လက်စားချေတုံ့ပြန်ရန် လှုပ်ရှားလာနိုင်သည့် အခြေအနေများကို စောင့်ကြည့်နေကြောင်း ဆိုသည်။ အိုဘားမားကလည်း တူရကီသမ္မတ ယီဆက်တေယစ်ပ် အာဒိုဂန်ထံ ဖုန်းခေါ်ကာ အမေရိကန်က တူရကီနှင့်အတူ ရပ်တည်မည်ဟု အခိုင်အမာကတိပေးခဲ့သည်။

ပိုမိုဆိုးရွားသည့် အခြေအနေများမှာ လေယာဉ်ပစ်ချခံရပြီးနောက် လေထီးဖြင့်ခုန်ထွက်လာသည့် လေယာဉ်မှူးများကို ဆီးရီးယားသူပုန်များက မြေပြင်မှဆီး၍ ပစ်ခတ်သဖြင့် သေဆုံးကုန်ခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့ကို ကယ်ဆယ်ရန် လိုက်လံရှာဖွေနေသည့် ရုရှားစစ်ရဟတ်ယာဉ်ကို သူပုန်များက တင့်ကားဖျက် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဟတ်ယာဉ် ပျက်ကျပေါက်ကွဲပြီး ရဟတ်ယာဉ်မှူးပါ သေဆုံးသွားပြန်သည်။

ရုရှားသည် အိုင်အက်စ်တို့ကိုသာမကဘဲ အလယ်အလတ် သဘောထားရှိသည့် ဆီးရီးယား အစိုးရဆန့်ကျင်ရေးသူပုန်များကိုပါ ပစ်မှတ်ထား ဗုံးကြဲခဲ့ရာ အဆိုပါအဖွဲ့များ၏ ရန်သူသဖွယ် ဖြစ်နေသည်။ ဆီးရီးယားအစိုးရ ဆန့်ကျင်ရေးသူပုန်များသည် သွေးအလူးလူးဖြင့် သေဆုံးနေသည့် ရုရှားလေယာဉ်မှူးတစ်ဦး၏ အလောင်းနှင့်အတူ စုရုံးအောင်ပွဲခံနေသည့် ဗီဒီယိုများကို အင်တာနက်ပေါ် လွှင့်တင်ခဲ့သည်။ အခြားဗီဒီယိုတစ်ခုတွင်လည်း
လေထီးဖြင့် မြေပေါ်ကျလာသည့် လေယာဉ်မှူးနှစ်ဦးကို အောက်မှ စက်သေနတ်ဖြင့် ပစ်နေပုံကို တွေ့ရသည်။ ထိုသို့ပစ်ခတ်နေချိန်တွင် သူပုန်တစ်ဦးက “မပစ်ကြနဲ့။ ဒီကောင်တွေကို ဓားစာခံအဖြစ် အရှင်ဖမ်းထားရအောင်”ဟု
အော်ဟစ်နေသည့် အသံကိုလည်း ကြားရသည်။

ရုရှားလေယာဉ်မှူးများကို ပစ်ခတ်ခဲ့သည့် သူပုန်များမှာ တူရကီအစိုးရကထောက်ခံသည့် တာ့ခ်အနွယ်ဝင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်ဒ်ကို ဖြုတ်ချနိုင်ရေး လှုပ်ရှားလျက် ရှိသည်။ လေယာဉ်သည် တူရကီဝေဟင်ပိုင်နက်တွင် ပစ်ချခံရခြင်းဟု ယူဆရသော်လည်း လေယာဉ်မှူးနှစ်ဦး
လေထီးဖြင့်ကျလာပြီး သေဆုံးသည့်နေရာသည် ဆီးရီးယားအနောက်မြောက်ပိုင်းဒေသတွင် ဖြစ်သည်။

ပူတင်က “ကျုပ်တို့ စစ်တပ်ဟာ အကြမ်းဖက်မှုကို တိုက်ဖျက်ချေမှုန်းဖို့ သူရဲကောင်းဆန်ဆန် လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ အခု ဆုံးရှုံးမှုကတော့ နောက်ကျောကို ဓားနဲ့အထိုးခံလိုက်ရတာပဲ။ အကြမ်းဖက်မှုကို အားပေးအားမြှောက်လုပ်တဲ့သူတွေရဲ့ လက်ချက်ပေါ့။ တခြားနည်းလမ်းနဲ့ သုံးသပ်စရာအကြောင်းလည်းမမြင်ဘူး။ အခုလို ရာဇဝတ်မှုဆန်ဆန်လုပ်ရပ်မျိုးကို ကျုပ်တို့ဘယ်တော့မှ သည်းခံနေမှာ မဟုတ်ဘူး”ဟုပြောကြားခဲ့သည်။

လက်ရှိ အခြေအနေအရမူ အရှေ့အလယ်ပိုင်း၏ စစ်ပွဲဇုန်သည် အိုင်အက်စ်တို့ကို ဘုံရန်သူအဖြစ် အရပ်မျက်နှာမျိုးစုံမှ ပြောင်းလဲတိုက်ခိုက်နေရာမှ ရည်ရွယ်ချက်ပြောင်းလဲပြီး နိုင်ငံကြီးအချင်းချင်း ထိပ်တိုက်တွေ့လာမည့် အနေအထားသို့ ဦးတည်လာပြီ ဖြစ်သည်။

Ref: Daily Mail

=======================
251 / End