အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆီးရီးယားတွင် ရုရှားလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုများအတွင်း အရပ်သား ၂၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် မျက်မြင်များ၏ အဆိုကို ကိုးကားပြီး စက်တင်ဘာ ၃၀ မှ နိုဝင်ဘာ ၂၉ ရက်အတွင်း နေရာ ၅ ခု၌ ရုရှား၏ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်အတွင်း အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
“ဒါဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ရုရှားက လေးစားလိုက်နာဖို့ ပျက်ကွက်ကြောင်း ပြသနေတာ ဖြစ်ပါတယ်”ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဆိုသည်။
ရုရှား အစိုးရက မိမိတို့၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ဆီးရီးယားအရပ်သားများ သေဆုံးနေကြောင်းသတင်းများကို အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး ယင်းသည် သတင်းအချက်အလက်ကို အခြေခံကာ မိမိတို့အပေါ် စစ်ပြုနေခြင်းဟု တုံ့ပြန်ထားသည်။
ရုရှားသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို ပစ်မှတ်ထားကြောင်း ကြေညာကာ စက်တင်ဘာ ၃၀ တွင် မဟာမိတ် ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ်၏ တပ်ဖွဲ့များအတွက် လေကြောင်းပစ်ကူ စစ်ဆင်ရေးများ စတင်ခဲ့သည်။ အမေရိကန်နှင့် NATO မဟာမိတ်များက ရုရှားသည် ဆီးရီးယားရှိ အလယ်အလယ် သဘောထားရှိသော သူပုန်များကိုပါ တိုက်ခိုက်နေကြောင်း စွပ်စွဲထားသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ရုရှားသည် ဟွမ်းစ်၊ ဟာမာ၊ အစ်ဒ်လစ်ဘ်၊ လာတာကီရာနှင့် အေလက်ပို မြို့များရှိ လူနေဧရိယာများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။ ထို့အပြင် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မှတ်တမ်းရုပ်သံများကို အဖွဲ့က ရရှိထားပြီး အသုံးပြုသည့် လက်နက်များကို ခန့်မှန်းဖော်ထုတ်နိုင်ရန် ကျွမ်းကျင်သူများထံမှ အကြံယူ အကူအညီ တောင်းထားကြောင်းလည်း သိရသည်။
တိုက်ခိုက်မှု ၂၅ ခုအနက် ၆ ခုနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် ဖော်ပြထားပြီး ဥပမာအားဖြင့် နိုဝင်ဘာ ၂၉ ရက်က အစ်ဒ်လစ်ဘ်ရှိ အာရီဟာ ရပ်ကွက်မှ ဈေးတစ်ခုကို ရုရှား၏ ဒုံးကျည်သုံးစင်း ထိမှန်ရာ လူ ၄၉ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဖော်ပြထားသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကမူ ဆီးရီးယားတွင် အရပ်သားများ သေဆုံးနေမှုသည် ရုရှား၏ ပထမဆုံး လေကြောင်းတိုက်ခိုက်မှုများ မစတင်မီ ကတည်းက ရှိနေခြင်းဟု တုံ့ပြန်ထားသည်။ ရုရှားသည် အိုင်အက်စ်တို့ကို တိုက်ခိုက်နေသည့် အမေရိကန် ဦးဆောင်သော မဟာမိတ် အဖွဲ့များနှင့် ပူးပေါင်းခြင်း မရှိဘဲ ဆီးရီးယားတွင် သီးခြား လေကြောင်းထိုးစစ်များ ဆင်နွှဲနေခြင်း ဖြစ်သည်။
======================
251 / End