၂၇ ဇန်နဝါရီ ၂၀၁၆ - ၂၀:၂၄
 အီရန်၏ ရေတပ်စစ်ရေးလေကျင့်မှု နောက်ဆုံးအဆင့် ယနေ့တွင်စမည်

Velayat 94 လို့ အမည်ပေးထားတဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုရဲ့ နောက်ဆုံးအဆင့်ကို ဆောင်ရွက်သွားတော့မယ်လို့ အီရန်နိုင်ငံက ကြေငြာလိုက်ပါတယ်။




အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

Velayat 94 လို့ အမည်ပေးထားတဲ့ ရေတပ်စစ်ရေးလေ့ကျင့်မှုရဲ့ နောက်ဆုံးအဆင့်ကို ဆောင်ရွက်သွားတော့မယ်လို့ အီရန်နိုင်ငံက ကြေငြာလိုက်ပါတယ်။

အဆိုပါ အင်အားပြည့်စစ်ရေးလေ့ကျင့်မှုရဲ့ နောက်ဆုံးအဆင့်ကို ဟော်မုဇ်ရေလက်ကြားအရှေ့ဘက်၊ အိုမန်ပင်လယ်ပြင်နဲ့ အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ပိုင်း စုစုပေါင်း စတုရန်းကီလိုမီတာ သုံးသန်းကျယ်ပြန့်နဲ့ နေရာမှာ ပြုလုပ်သွားမယ်လို့ အီရန်ရေတပ်ဗိုလ်ချုပ် ဟာဘီဘွလ္လာဟ် ဆေယာရီက ယမန်နေ့က ပြောခဲ့ပါတယ်။

“စစ်ရေးလေ့ကျင့်မှုကို ဇန်န၀ါရီလ ၂၁ ရက်နေ့ကတည်းက ပြင်ဆင်ဆောင်ရွက်နေပါပြီ။ တပ်ဖွဲ့တွေကိုလည်း သူတို့ နယ်မြေအသီးသီးကို ဖြန့်ကြက်ထားပြီးပါပြီ” ဟု ဆေယာရီက ဆိုပြီး ဗျူဟာမြောက်အဆင့်ကိုတော့ ဗုဒ္ဓဟူးနေ့မှာ စတင်သွားမယ်လို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆေယာရီက ဒီလို ရေတပ်လေ့ကျင့်မှုတွေဟာ ပင်လယ်ပြင်လုံခြုံရေးအတွက် အီရန်ရေတပ်အင်အားကို ပြသဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“ယခုစစ်ရေးလေ့ကျင့်မှုထဲမှာ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း လုံခြုံရေးကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို လေ့ကျင့်သွားမှာ ဖြစ်ပါတယ်”

၎င်းက ဆက်လက်ပြီး ယခုစစ်ရေးလေ့ကျင့်မှုထဲမှာ ရေငုပ်သင်္ဘောအမျိုးမျိုး၊ ဖျက်သင်္ဘောတွေ၊ ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ တိုက်ရေယာဉ်တွေ၊ ထောက်ပံ့ရေးအမြန်ယာဉ်တွေ ပါဝင်မှာဖြစ်ပြီး ရေတပ်အဆင့်မြင့်အရာရှိတွေကိုယ်တိုင် ပါဝင်ကွပ်ကဲမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အီရန်ဟာ သူတို့ရဲ့ ကာကွယ်ရေးကဏ္ဍမှာ အရေးပါတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေ၊ စနစ်တွေကိုလည်း ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်း ရှိလာခဲ့ပါတယ်။ အီရန်နိုင်ငံက သူတို့ရဲ့ စစ်ရေးအင်အားဟာ နိုင်ငံကို ကာကွယ်ရန်သက်သက်သာဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်သွားမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Ref : Presstv

===========================
251 /End