အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အင်ဒိုနီးရှား လေဆိပ်တစ်ခုတွင် လေယာဉ်နှစ်စီး တိုက်မိရာ လေယာဉ်တောင်ပံတစ်ဖက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Batik လေကြောင်းလိုင်း၏ ခရီးသည်တင် လေယာဉ်သည် ပျံတက်ရန်အတွက် ပြေးလမ်းပေါ် အရှိန်ယူ မောင်းနှင်နေစဉ်
TransNusa လေယာဉ် တစ်စီး၏ အမြီးနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။
TransNusa လေယာဉ်သည် ထိုအချိန်တွင် လေယာဉ်ပြေးလမ်းကို ကန့်လန့်အနေအထား ဖြတ်ကျော်လျက် ရှိသည်။
ဧပြီ ၄ ရက် ညပိုင်းက ဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးမျှ မရှိကြောင်း လေဆိပ် အာဏာပိုင်များက ဆိုသည်။
လေယာဉ်တောင်ပံတစ်ဖက် မီးလောင်သော်လည်း Batik လေယာဉ်ပေါ်မှ ခရီးသည် အားလုံးကို ဘေးကင်းင်း
ရွှေ့ပြောင်း ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။ လေယာဉ်ချင်း တိုက်မိမှုကြောင့် ဂျကာတာ မြို့တော်ရှိ လူအဝင်အထွက်
များပြားသော ဟာလင်မ် ပါဒါနာကူဆူမား လေဆိပ်ကို ယာယီ ပိတ်ထားခဲ့ရသည်။ Batik လေကြောင်းလိုင်းမှ
လေယာဉ်သည် ခရီးသည်နှင့် အမှုထမ်း ၄၉ ဦးကို တင်ဆောင်လာကြောင်းလည်း သတင်းများက ဆိုသည်။
Batik လေကြောင်းလိုင်းကို ပိုင်ဆိုင်သည့် Lion Air Groupမှ တာဝန်ရှိသူ တစ်ဦးက လေယာဉ်ချင်း တိုက်မိသည်နှင့်
လေယာဉ်မှူးက ပျံသန်းမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သလို ခရီးသည်နှင့်
အမှုထမ်းအားလုံး ဘေးကင်းကြောင်း ပြောကြားခဲ့သည်။ ပို့ဆောင်ရေးဌာန တာဝန်ရှိသူများက လေယာဉ်ချင်း တိုက်မိမှုကြောင့်
နှစ်စီးစလုံးတွင် အထိအခိုက် အပျက်အစီးများ ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
အင်ဒိုနီးရှားသည် လေကြောင်းသွားလာမှု ကဏ္ဍ သိသိသာသာ အရှိန်မြင့် တိုးတက်လာသော်လည်း ခရီးစဉ် လုံခြုံရေး
ကဏ္ဍတွင် နာမည်ပျက်များ ရှိနေသည်။ ၂၀၁၃ ခုနှစ်က Lion Air Groupက ပိုင်ဆိုင်သည့်
လေယာဉ်တစ်စီး ဘာလီရှိ ဒန်ပါဆာ လေဆိပ်တွင် ပြေးလမ်းကျော်ထွက်ကာ ပင်လယ်ထဲ ထိုးကျသွားသဖြင့်
လူ ၂၂ ဦးထက်မနည်း ဆေးရုံရောက်ခဲ့ဖူးသည်။
၂၀၁၄ ခုနှစ်က အင်ဒိုနီးရှား၏ ထောက်ပံ့ခံ Air Asia လေကြောင်းလိုင်းမှ လေယာဉ်သည် ဆူယာဘာယာမှ
စင်ကာပူသို့ ပျံသန်းစဉ် ပင်လယ်ထဲ ပျက်ကျပြီး လိုက်ပါသွားသူ ၁၆၂ ဦးစလုံး အသက်ဆုံးရှုံးခဲ့သည်။
======================
251 / End