အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသည့် ကလေးလုပ်သားများ။ (ဓာတ်ပုံ-မဇ္ဈိမ)
ကမ္ဘာ့ကလေးအလုပ်သမား ပပျောက်ရေးနေ့တွင် မြန်မာနိုင်ငံက ကလေးငယ်များအား ပိုမိုအကာအကွယ်ပေးရေးအတွက် ယူနီဆက်ဖ်က တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံတွင် အသက် ၁၀ မှ ၁၇ နှစ် ကလေးငယ် ၁ ဒဿမ ၅ သန်းကျော် သို့မဟုတ် ၂၁ ရာခိုင်နှုန်းက အလုပ်လုပ်ကိုင်နေကြရကြောင်း ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။
ယောက်ကျားလေး၊ မိန်းကလေး ပညာသင်ကြားရေးစနစ် အဆင့်မြှင့်တင်ရေးကို နိုင်ငံအတွင်း ဖော်ဆောင်လျက်ရှိသော်လည်း အလယ်တန်းကျောင်းနေအရွယ် ကလေးငယ် ၅၀ ရာခိုင်နှုန်းနီးပါး ကျောင်းမနေကြရကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ထားသည်။ ထိုကလေးငယ်များစွာက အလုပ်ဝင်လုပ်ကြရပြီး စီးပွားရေးမပြေလည်၍ မိသားစုများက အလုပ်လုပ်ခိုင်းကြသည့် ကလေးငယ်များအပြင် အချို့ကလေးများမှာ အတင်းအကြပ် စေခိုင်းခြင်းများခံရပြီး အန္တရာယ်များသည့် အလုပ်အကိုင်များတွင်ပင် ဝင်ရောက်လုပ်ကိုင်နေရခြင်းများ ရှိသည်။
ဇွန် ၁၂ ရက်နေ့တွင် ကျရောက်သည့် ကလေးအလုပ်သမားပပျောက်ရေးနေ့သည် အလုပ်လုပ်ကိုင်နေကြရသည့် ကလေးငယ်များအပေါ် အာရုံစိုက်လာရန် ရည်ရွယ်သည်။ စီးပွားရေး ဖွံ့ဖြိုးလာခြင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ပြည်တွင်းပြည်ပ ကုန်သွယ်မှု မြင့်မားလာခြင်းတို့နှင့်အတူ ကလေးအလုပ်သမား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရမည်က မြန်မာနိုင်ငံအတွက် အရေးတကြီး ဖြစ်လာနေသည်။
နယ်ပယ်ကဏ္ဍာစုံ၌ အရေးကြီးသည့် ယခုပြဿနာအား အစိုးရ၏ ကိုင်တွယ်ဖြေရှင်းရေး လုပ်ဆောင်မှုများကို ယူနီဆက်ဖ်က အားပေးမြှင့်တင်လျက်ရှိသည်။ ကလေးငယ်များအား တရားဥပဒေအရ ခိုင်မာစွာ အကာအကွယ်ပေးနိုင်ရန် လွှတ်တော်တွင် ကလေးသူငယ်ဥပဒေကြမ်းအား မကြာမီ အတည်ပြုလာမည်ဖြစ်သည်။
ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆင်းရဲမွဲတေမှုနှင့် ကလေးငယ်များ ပညာသင်ကြားနိုင်မှု အခွင့်အလမ်း ပိုမြှင့်တင်ပေးခြင်းဖြင့် ကလေးငယ်များအား လုပ်ငန်းခွင် ဝင်ရောက်မည်က ကာကွယ်ခြင်းသည် အဓိက မဟာဗျူဟာပဲဖြစ်သည်။ အစိုးရ၏ လူမှုကာကွယ်ပေးရေးလုပ်ငန်းစဉ်မှာ ကိုယ်ဝန်သည်နှင့် ကလေးငယ်များအား ထောက်ပံ့ငွေကြေး ပေးနိုင်ရေးကို ရည်မှန်းထားပြီး နိုင်ငံအနှံ့ လူမှုဝန်ထမ်းပေါင်း ၆၀၀၀ ကိုလည်း စေလွှတ်ဖြန့်ကြက်ထားသည်။
အစိုးရအနေဖြင့် လူမှုကဏ္ဍစုံတွင် လိုအပ်သည့် ရင်းမြစ်များကို ခွဲဝေချမှတ်သွားရန်လည်း ယူနီဆက်ဖ်က အားပေးတိုက်တွန်းထားသည်။ ကုလသမဂ္ဂ၏ ဖွံ့ဖြိုးရေးရည်မှန်းချက် အကောင်အထည်ပေါ်ရေး အတွက် ၂၀၂၅ ခုနှစ်တွင် ကလေးအလုပ်သမား ပပျောက်သွားရေးကို အတူလက်တွဲ ဖော်ဆောင်ကြရန် ယူနီဆက်ဖက်က တိုက်တွန်းဆော်သြခဲ့သည်။
===================
251 / End