အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကြမ်းဖက် တိုက်ခိုက်မှုများကို ဖြိုခွင်းရန် စီမံချက် စတင်ပြီး ၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ်တွင် လူပေါင်း ၅၀၀၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဘာသာမဲ့များ၊ လောကီရေးရာ ဆွေးနွေးသူများ၊ ပညာတတ်များကို အစွန်းရောက် ဝါဒစွဲ အကြမ်းဖက်သမားများက တိုက်ခိုက်သတ်ဖြတ်မှုများ မြင့်တက်လာသည့်နောက် ဘင်္ဂလားဒေ့ရှ် အစိုးရက အဆိုပါ အခြေအနေကို ထိထိရောက်ရောက် နှိမ်နင်းသွားမည်ဟု ကတိပြုထားသည်။
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၃ ရက်အတွင်း လမ်းကြိုလမ်းကြားများမကျန် လှည့်လည်သွားလာက ရာဇဝတ်မှုမှတ်တမ်း ရှိသူများ၊ အကြမ်းဖက် တိုက်ခိုက်မှုအတွက် မသင်္ကာသူများကို စုဆောင်း ဖမ်းဆီးခဲ့ရာ အယောက် ၅၀၀၀ ကျော်မျှ ရှိခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။
အမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ရှာဟီဒူလ်ဟိုကေးက ဇွန် ၁၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ကာ လက်ရှိ ဖမ်းဆီးထားသူများအနက် စစ်သွေးကြွ ၈၅ ဦးလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် အစောပိုင်းကတည်းက ဘင်္ဂလားဒေ့ရှ် တနံတလျားတွင် စစ်သွေးကြွများ၏ အစွန်းရောက် ဝါဒစွဲ ရန်ပြုတိုက်ခိုက်မှုများကြောင့် Bloggerများ၊ Gayအခွင့်အရေး လှုပ်ရှားသူများ၊ ပညာတတ်များ၊ ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာဝင်များ အပါအဝင် လူပေါင်း ၃၀ ထက်မနည်း သေဆုံးခဲ့ရသည်။ မွတ်ဆလင် အများစု နေထိုင်သည့် ဘင်္ဂလားဒေ့ရှ်တွင် လူနည်းစု ဘာသာဝင်များသည်လည်း စစ်သွေးကြွများ၏ ပစ်မှတ်သဖွယ် ဖြစ်နေသည်။ သေဆုံးသူများအနက် ၂၀ ခန့်သည် အိုင်အက်စ် စစ်သွေးကြွများနှင့် အဆက်အနွှယ်များ လက်ချက်ကြောင့် အသက်ဆုံးရှုံးရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းတွင်ပင် ဟိန္ဒူဘုန်းတော်ကြီးကျောင်း သာဝကတစ်ဦး၊ ဟိန္ဒူ တရားဟောဆရာတစ်ဦး၊ ခရစ်ယာန် ဘာသာဝင် ကုန်သည်တစ်ဦးကို အစွန်းရောက် ဝါဒစွဲများက ခုတ်ထစ် သတ်ဖြတ်ခဲ့ကြသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ထိပ်တန်း ရဲအရာရှိ တစ်ဦး၏ ဇနီးမှာလည်း လမ်းပေါ်တွင်ပင် ဓားဖြင့်ထိုး၊ သေနတ်ဖြင့်ပစ်သတ်ခြင်း ခံခဲ့ရသည်။
အိုင်အက်စ်တို့က အဆိုပါ အကြမ်းဖက်မှုများကို မိမိတို့ ကြိုးကိုင်နေကြောင်း ကြေညာခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကမူ ပြည်ပအခြေစိုက် စစ်သွေးကြွ ဝါဒီများ မိမိတို့ နိုင်ငံထဲ စိမ့်ဝင်နေခြင်း မရှိဟု အစဉ်တစိုက် ငြင်းဆိုနေဆဲ ဖြစ်သည်။ ယင်းအစား အစိုးရက ပြည်တွင်း စစ်သွေးကြွများကိုသာ အဓိက စွပ်စွဲ ပြစ်တင်နေသည်။
အစိုးရသည် အကြမ်းဖက်မှုများကို တုံ့ပြန်ဖြိုခွဲရာ၌ တရားဥပဒေနှင့် မလျော်ညီသော၊ ပွင့်လင်းမြင်သာမှု မရှိသော နည်းလမ်းများကို အသုံးပြုနေသဖြင့် အခြေအနေများ ပိုမို ဆိုးရွားလာနိုင်ကြောင်း နိုင်ငံတကာ ပဋိပက္ခရေးရာ အဖွဲ့က ဧပြီလတွင် သတင်းထုတ်ပြန်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားသည်
===================
251 / End