၁၅ ဇွန် ၂၀၁၆ - ၁၈:၃၇
မြန်မာ့သစ်တောများအတွက် အသက်ကယ်ဆေး
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ယခု အခါနိုင်ငံ့ဧရိယာ၏ ၄၂ ရာခိုင်နှုန်းမျှသာ ရှိတော့သည်။ လွန်ခဲ့သည့် ၂၇ နှစ်ကျော် က တစ်နိုင်ငံလုံးတွင် သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့ရာ မှ ဆယ်စုနှစ်နှစ်ခု အကျော် အတွင်း သစ်တောပြုန်းတီးမှုများပြားကာ သစ်တောဖုံးလွှမ်းမှု လျှော့နည်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ တွင် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားသည့် ကမ္ဘာ့သစ်တော ပြုန်းတီးမှုအများဆုံး ဆယ်နိုင်ငံ စာရင်း၌ မြန်မာနိုင်ငံသည် ယခင်က စတုတ္ထနေရာတွင်ရှိနေရာမှ ယခုတတိယနေရာသို့ တက်လာ သည်။ အဆိုပါအဆင့်က ကမ္ဘာ့အကောင်းဆုံး ကျွန်းသစ်ထွက်ရှိရာ နိုင်ငံအတွက် သစ်တောပြုန်းတီးမှု မည်မျှဆိုးရွားနေသည်ကို မြင်သာစေသည်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ယခု အခါနိုင်ငံ့ဧရိယာ၏ ၄၂ ရာခိုင်နှုန်းမျှသာ ရှိတော့သည်။ လွန်ခဲ့သည့် ၂၇ နှစ်ကျော် က တစ်နိုင်ငံလုံးတွင် သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့ရာ မှ ဆယ်စုနှစ်နှစ်ခု အကျော် အတွင်း သစ်တောပြုန်းတီးမှုများပြားကာ သစ်တောဖုံးလွှမ်းမှု လျှော့နည်းခဲ့ခြင်းဖြစ်သည်။
၂၀၁၅ တွင် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က ထုတ်ပြန်ထားသည့် ကမ္ဘာ့သစ်တော ပြုန်းတီးမှုအများဆုံး ဆယ်နိုင်ငံ စာရင်း၌ မြန်မာနိုင်ငံသည် ယခင်က စတုတ္ထနေရာတွင်ရှိနေရာမှ ယခုတတိယနေရာသို့ တက်လာ သည်။ အဆိုပါအဆင့်က ကမ္ဘာ့အကောင်းဆုံး ကျွန်းသစ်ထွက်ရှိရာ နိုင်ငံအတွက် သစ်တောပြုန်းတီးမှု မည်မျှဆိုးရွားနေသည်ကို မြင်သာစေသည်။
အစိုးရသစ်တက်လာပြီး လပိုင်းအတွင်း သစ်တောပြုန်းတီးမှုကို ဖြေရှင်းရန် ခြေလှမ်းသစ်တစ် ရပ် စတင်ခဲ့သည်။ နှစ်ပေါင်း ရာနှင့်ချီ၍ သစ်ထုတ်လုပ်မှုကို တစ်နှစ်ခန့် ရပ်နားရန် ကြိုးပမ်းခြင်းဖြစ်ပါသည်။
 ယခင်အစိုးရ လက်ထက်တွင် ၂၀၁၄ ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ပထမဆုံးအကြိမ် ရပ်နားခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုကို လျော့ချရန် မလုံလောက်သေး၍ သစ်ထုတ်လုပ်မှု ကိုပါ ရပ်နားရန် စီစဉ်နေခြင်းဖြစ်သည်။
သစ်ထုတ်လုပ်မှု လျှော့ချရန် နှင့်ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး ၀န်ကြီးဌာနက ဦးဆောင်ကာ လုပ်ငန်းရှင်များ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေပြီး
ဆွေးနွေးချက်များကို အတည်ပြုရန် လွှတ်တော် နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားသည်။
‘‘နှစ်စဉ် တောကပေးနိုင်တဲ့ သစ်ထုတ်လုပ်မှု ပမာဏထက် အကြောင်းအမျိုးမျိုးကြောင့် ပိုပြီး ထုတ်တာတွေ ရှိပါတယ်။ များများလာတော့ နှစ်ပေါင်း သုံးလေးဆယ် မှာရှိတဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာက လျော့လာတယ်။ အဲဒီတော့ သစ်ထုတ်လုပ်မှုကို ဟန့်တားဖို့ အတွက် စီစဉ်ဆောင်ရွက်နေပါတယ်’’ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကပြောကြားသည်။
သစ်ထုတ်လုပ်မှု တစ်နှစ်ခန့် ရပ်နားစဉ် အစိုးရသစ်က တိုင်းပြည်၏ ဘဏ္ဍာငွေ ရရှိရေးအတွက် စစ်အစိုးရ အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်းတစ်ရာကျော် ပရမ်းပတာ ထုတ်ယူခဲ့သည့် သစ်ထုတ်လုပ်မှုများကို ပြန်လည်
သုံးသပ်မည် ဖြစ်သည်။
 မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်မှုသည် နှစ်စဉ် တောထွက်ကို အခြေခံထားသော်လည်း နိုင်ငံရေး အပြောင်းအလဲ၊ ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ ကြောင့် စစ်ဗိုလ်ချုပ်ကြီးများ လက်ထက်၌ အထိန်းအကွပ်မရှိ ထုတ် ယူခဲ့ကြသည်။
  မြန်မာ့ သစ်တောကြီးများမှ တစ်နှစ်လျှင် သစ်ထုတ်လုပ်မှုသည် တန်ချိန်ပေါင်းသိန်းဆယ်နှင့် ချီရှိခဲ့သည်။ ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် အစိုးရခေတ် ၌ တန်ချိန်ပေါင်း ၁၈ သိန်းကျော်ဖြင့် အများဆုံးထုတ်လုပ်ခဲ့သည်။
သစ်အလုံးလိုက်တင်ပို့မှုကို သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အပြီးတိုင် ရပ်ဆိုင်းလိုက်သော်လည်း သစ်ထုတ်လုပ်မှုများက ရှိနေဆဲဖြစ်ပြီး ထုတ်လုပ်မှုမှ အပင်ပေါက် သိန်းနှင့်ချီ၍ ရှိခဲ့သည်။
 တိုင်းပြည်ဘဏ္ဍာငွေ ရရှိရေးကို အခြေခံထားခြင်းကြောင့် နှစ်စဉ် တောထွက်မှ ထုတ်ယူရသည့် စနစ်ကျသော သစ်ထုတ်လုပ်မှုစနစ်ကို မကျင့်သုံးတော့ခြင်းကြောင့် ပိန်းပိတ်မှောင်အောင် နေပြောက်ထိုးရန် ခက်ခဲလှသော
အထင်ကရ သစ်တောကြီးများ နေ့ ချင်းညချင်း လုံးပါးပါးခဲ့ရသည်။
ကမ္ဘာ့သစ်တောပြုန်းတီးမှု တတိယအဆိုးဆုံး နိုင်ငံဖြစ်သော်လည်း မြန်မာနိုင်ငံသည် အာရှပ- စိဖိတ်ဒေသတွင် ယနေ့အချိန်အထိ တစ်ဦးချင်း သစ်တောပိုင်ဆိုင်မှု မြင့်မားနေသော နိုင်ငံဖြစ်နေသေး၍ တောထဲ၌
သစ်မထုတ်နိုင်လောက်သည့် အခြေအနေသို့ မရောက်ရှိ သေးကြောင်း သစ်တောဦးစီးဌာနက မေလ ၁၄ ရက်၌ အရပ်ဘက် အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် ယခင်အတိုင်း သစ်ထုတ်လုပ်မှုများကို ဆက်လက် လုပ်ဆောင်မည်ဆိုပါက တစ်ချိန်ကကမ္ဘာတွင် ကျွန်းသစ်အကောင်းဆုံးနှင့် အများဆုံး ပေါက်ရောက်သော မြန်မာနိုင်ငံမှာ နာမည်ကောင်းကို မကြာမီ စွန့်လွှတ်ရမည့် အခြေအနေလည်းဖြစ်သည်။
‘‘ဒါကို ဘာနဲ့နှိုင်းပြရမလဲဆိုရင် ပုံမှန်ပြေးရမယ့် လူတစ်ယောက်ကို မြန်မြန်ပြေးခိုင်းမိတော့ မောတာပေါ့။ ဆက်ပြီးပြေးရင်း ဗုန်းဗုန်းလဲတော့မယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကပြောသည်။
အနောက်ဥရောပနိုင်ငံများ ၏ ရွက်လှေ၊ ကနူးနှင့် အပျော်စီး သင်္ဘောများ ဆောက်လုပ်ရာ၌ နာမည်ရခဲ့သည့် ကျွန်းသစ်များ ပေါက်ရောက်မှုသည် မြန်မာ့သစ်တောများတွင် လျော့ကျလာသည်။ ယခင်က အပင်တစ်ရာတွင် ကျွန်းသစ် ပါဝင်မှု ၉၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း ယခုနောက်ပိုင်း၌ ၄၈ ဒသမ ၇ ရာခိုင်နှုန်းခန့်သာရှိတော့သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် လာမည့် ၁၀ နှစ်တာ အတွင်း ယခုကျဆင်းနေသည့် ရာခိုင်နှုန်းထက် ၁၀ ရာခိုင်နှုန်းခန့် တိုးမြင့်လာစေရန် ရည်ရွယ် ကြိုးပမ်းနေသည်။
‘‘သစ်တော အတန်းအစား တွေ လျော့ကျနေတာတော့မှန်ပါ တယ်။ ဒါပေမဲ့ သစ်ထုတ်လုပ်မှုကို ရပ်ရမယ့် အနေအထားအထိတော့ မဆိုးရွားသေးပါဘူး။ ထုတ်လို့ ရပါသေးတယ်။ ရှိပါသေးတယ်။ ဒါပေမဲ့ အရင်လို ထုတ်ချင်တိုင်း
ထုတ်လို့ရမယ့် အနေအထားတော့မရှိ တော့ပါဘူး။ စနစ်တကျနဲ့ ထုတ်လုပ်ဖို့လိုပါတယ်။ ဒီအတွက် အချိန်ယူဖို့ လိုပါတယ်’’ဟု အမည် မဖော်လိုသည့် သစ်တောဝန်ထမ်း တစ်ဦးကပြောသည်
တစ်နှစ်လျှင် ကျွန်းသစ် တစ်သောင်းကိုးထောင့်နှစ်ရာပင်နှင့် သစ်မာ ငါးသိန်းကိုး သောင်းပင်အောက် ထုတ်လုပ်မည်ဆိုပါက နှစ်ပေါင်းများစွာ ကမ္ဘာတည်သရွေ့ သစ်ထုတ်လုပ်နိုင်ကြောင်း သစ်တောဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က 7Day News နှင့် သီးသန့်အင်တာဗျူး၌ ဖြေကြားခဲ့သည်။
‘‘ကျွန်တော်ကြားတာတော့ အတိုင်းအတာတစ်ခုအထိ ထုတ်ရဦးမယ့် ပမာဏ ရှိသေးတယ်ပြောတယ်။ သစ်မာဆိုရင် ဧကငါးသန်းလောက် ကျန်သေးတယ်ပြောတယ်။ အခုလို လုပ်လိုက်တာဟာ ကောင်းပါတယ်။ သဘာဝပတ် ၀န်းကျင် ထိန်းသိမ်းရေးကတော့ ဘယ်အချိန်လုပ်လုပ်ကောင်းတယ်’’ဟု စိမ်းလန်းအမိမြေမှ ဒါရိုက်တာဦးဝင်းမျိုးသူကပြောသည်။
ထုတ်လုပ်ထားသော သစ်များကို အစိုးရကသာ တစ်ဦးတည်း မူပိုင်ရောင်းချရပြီး ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များက အစိုးရထံမှ ၀ယ်ယူရသည်။ ရောင်းချခြင်းကို တစ်ဦးတည်း မူပိုင် လုပ်ကိုင်ခွင့်ပြုထားသော်လည်း ထုတ်လုပ်ခြင်း လုပ်ငန်းများကို ပုဂ္ဂလိက  ကုမ္ပဏီများအား အစိုးရက အငှားစနစ်ဖြင့် လုပ်ကိုင်ခွင့်ချထားပေးသည်။
လုပ်ကိုင်ခွင့်ချထားပေးရာတွင် စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း ကုမ္ပဏီများကိုသာ လုပ်ကိုင်ခွင့်ချထားပေးခြင်းကြောင့် ၀န်ကြီးဌာနအပေါ် လွှမ်းမိုးမှုများရှိခဲ့သည်။ သို့သော်  စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သည့် သစ်ကုမ္ပဏီများ၏ တွက်ခြေကိုက် သစ်ထုတ်လုပ်မှုကို ဟန့်တားနိုင်သည့် ဥပဒေများ အသက်မ၀င်ဘဲ မှေးမှိန်ခဲ့ရသည်။
ထို့ကြောင့် လာမည့်နှစ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သည် သစ်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများအား လုပ်ကိုင်ခွင့်မပေးတော့ ဟုဆိုသည်။
သို့သော် အဂတိလိုက်စားမှုများသည့် နိုင်ငံဖြစ်၍ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက ဦးစီးလုပ်ဆောင်ရာတွင် စနစ်ကျပြီး မျက်ခြည်မပြတ် စောင့်ကြည့်နိုင်သည့် စနစ် ထားရှိသင့်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့် သူများက ဆိုသည်။
သစ်ထုတ်လုပ်မှု တစ်နှစ်ခန့် ရပ်ပြီးနောက် ပြန်ထုတ်မည့်နှစ်တွင် နှစ်စဉ် တောထွက်ပမာဏထက် လျှော့ထုတ်လုပ်မည့်ဝန်ကြီး ဌာန၏ စီစဉ်မှုသည် ကောင်းမွန် သော်လည်း စီမံခန့်ခွဲရာ၌ အဂတိ လိုက်စားမှုသည် အဓိကကြုံတွေ့ ရမည့် စိန်ခေါ်မှုဖြစ်နိုင်ကြောင်း ဦးဝင်းမျိုးသူကပြောသည်။
‘‘အဂတိလိုက်စားမှုကနေရာ အနှံ့မှာရှိနေတော့ ဒါက အဲဒီစိန်ခေါ်ချက်ကြီး ဖြစ်မယ်ထင်တယ်။ အမှန်အတိုင်း တကယ်လုပ်လား၊ မလုပ်ကြလား’’ဟု ဦးဝင်းမျိုးသူက ပြောသည်။
မြန်မာနိုင်ငံ၏ ဧရိယာအ ကျယ်အ၀န်းသည် ဧက၁၆၇ သန်း ရှိပြီး သစ်တောဖုံးလွှမ်းမှုသည် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်။ သစ်တောဖုံးလွှမ်းမှု ရှိသည့် တောများအနက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက စီမံအုပ်ချုပ် လုပ်ကိုင်ခွင့်ရသည့် နယ်မြေသည် ဧက ၄၆ သန်းရှိသည်။
ယခုလက်ရှိ အခြေအနေတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၌ ၀န်ထမ်းအင်အားသည် ကျယ်ဝန်းလှသော သစ်တောဧရိယာနှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေသည်။ သစ်တောဧကရှစ်ထောင် လျှင် လူတစ်ဦးခန့် လိုက်လံကြီး ကြပ်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။
မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးရန် လိုအပ်မည်ဟု စောင့်ကြည့် လေ့လာသူများကပြောသည်။
သစ်တောပြုန်းတီးရခြင်း အကြောင်းရင်းများတွင် သစ်ထုတ်လုပ်မှုအပြင် လောင်စာအတွက် ထင်းကိုသာ အသုံးပြုနေရခြင်း၊ တရားမ၀င် သစ်ခိုးထုတ်မှုများ ရှိနေခြင်း၊ စီမံကိန်းများနှင့် လူဦးရေ တိုးပွားလာခြင်းတို့ကြောင့်လည်း ပါဝင်သည်။
ထို့ကြောင့် သစ်ထုတ်လုပ်မှု တစ်ခု ရပ်ဆိုင်းရုံဖြင့် သစ်တောပြုန်းတီးမှုများ ပပျောက်မည် မဟုတ်ပေ။ သို့သော် တစ်နှစ်ခန့် ရပ်ဆိုင်းလိုက်ခြင်းဖြင့် ကျွန်းသစ်၊ သစ်မာတစ်နှစ်လျှင် အပင်ပေါင်း ငါးသိန်းကျော် ထုတ်လုပ်မှု လျော့ ကျလာနိုင်သည်။ စနစ်တကျ မဟုတ်ခဲ့သော မြန်မာနိုင်ငံ၏ သစ် ထုတ်လုပ်မှုသည်လည်း အစိုးရ၏ စိစစ်ကြပ်မတ်မှု အောက်၌ စနစ်ကျလာရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက မျှော်လင့်နေကြသည်။
မြန်မာ့သစ်ထုတ်လုပ်မှု လုပ်ငန်းတွင် ယခင်ခေတ်များကဲ့သို့ စစ်ဗိုလ်ချုပ်ကြီးဟောင်းများနှင့် ခရိုနီကုမ္ပဏီများ ပါဝင်လုပ်ကိုင်မှုသည် တစ်ခန်းရပ်သွားမည် ဖြစ်သည်။
===================
251 / End