အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာဏာသိမ်းရန် ကြံစည်မှု ဖြစ်ပွားခဲ့သည့်နောက် နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ၃ လ သတ်မှတ်ကြောင်း တူရကီ အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တူရကီသမ္မတ ယီဆက်ပ်တေယစ်ပ် အာဒိုဂန်က ပြီးခဲ့သည့် သီတင်းပတ်ကုန် စစ်တပ်၏ အာဏာသိမ်းရန် ကြံစည်မှုနှင့် ပတ်သက်၍ ယခုလို အရေးပေါ် အခြေအနေ ကြေညာရခြင်းဟု အတည်ပြုခဲ့သည်။ အာဒိုဂန်က အစိုးရကို တော်လှန် ဆန့်ကျင်ရန် အားထုတ်ခဲ့သည့် အဖျက်ဗိုင်းရပ်စ် အားလုံးကို ရှင်းလင်းပစ်မည်ဟုလည်း ကြွေးကြော်ထားသည်။
လတ်တလောတွင် တူရကီ အစိုးရသည် ပညာရေး၊ မီဒီယာနှင့် ပြည်ထဲရေးဌာနများမှ အမှုထမ်း ၅၀၀၀၀ ကျော်မျှကို အလုပ်တာဝန်များမှ ရပ်ဆိုင်းထားပြီး ဖြစ်သည်။ ထို့အပြင် စစ်သား အများစု ပါဝင်သည့် လူပေါင်း ၁၀၀၀၀ နီးပါးကိုလည်း အစိုးရ သစ္စာခံ လုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးထားသည်။ ထို့အပြင် ပညာရေးဌာန ဝန်ထမ်းများကို ရှင်းလင်း ဖယ်ရှားနေမှုကြောင့် နိုင်ငံတွင်းရှိ ကျောင်းပေါင်း ၆၀၀ ကျော်ကိုလည်း ပိတ်ထားရသည်။
“အစိုးရရဲ့ လက်ရှိ တုံ့ပြန် ကိုင်တွယ်မှုတွေဟာ ဒီမိုကရေစီနည်းလမ်း၊ တရားဥပဒေနဲ့ လွတ်လပ်ခွင့်တွေကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး”ဟု တစ်နိုင်ငံလုံးအဆင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ပြီးနောက် အာဒိုဂန်က ပြောကြားခဲ့သည်။ ၎င်းက စစ်တပ် အာဏာသိမ်းမှုကို တော်လှန် ဆန့်ကျင်ရင်း သေဆုံးသွားသည့် တူရကီ ပြည်သူ ၂၄၆ ဦးကိုလည်း အာဇာနည်များဟု ညွှန်းဆို ချီးကျူးခဲ့သည်။
အာဒိုဂန်သည် အာဏာသိမ်းရန် အားထုတ်မှုနှင့် ဆက်စပ်ပြီး တူရကီ အမျိုးသား လုံခြုံရေးကောင်စီ၊ ၎င်း၏ အစိုးရအဖွဲ့တို့နှင့်လည်း ဆွေးနွေးသွားရန် စီစဉ်ထားသည်။ တူရကီ အစိုးရသည် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ကြောင်း စွပ်စွဲချက်များဖြင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင် ၉၉ ဦးကိုလည်း ဇူလိုင် ၂၀ က စွဲချက်တင်ထားခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အာဏာသိမ်းရန် လုပ်ဆောင်မှုကို အားပေးကြောင်း စွပ်စွဲကာ တူရကီ မီဒီယာဌာန အချို့ကိုလည်း လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
===================
251 / End