၃ ဩဂုတ် ၂၀၁၆ - ၁၈:၄၂
လွှတ်တော်မှ အငြင်းပွားဖွယ် ပန်ကြားလွှာတစ်စောင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကြား ဝေဖန်မှုများဖြစ်ပေါ်လာစေသည့် ပန်ကြားချက်တစ်စောင်ကို ပြည်သူ့လွှတ်တော်ရုံးက ဇူလိုင် ၂၅ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခဲ့သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပြန်လည်စတင်သည့် ပထမရက်တွင် ဖြန့်ဝေခဲ့သော အဆိုပါ ပန်ကြားချက်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ဖိတ်ကြားမှုများအပေါ် လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြကာ အတည်ပြုချက်ရယူရမည့်အကြောင်း ပါရှိနေသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကြား ဝေဖန်မှုများဖြစ်ပေါ်လာစေသည့် ပန်ကြားချက်တစ်စောင်ကို ပြည်သူ့လွှတ်တော်ရုံးက ဇူလိုင် ၂၅ ရက်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပြန်လည်စတင်သည့် ပထမရက်တွင် ဖြန့်ဝေခဲ့သော အဆိုပါ ပန်ကြားချက်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၏ ဖိတ်ကြားမှုများအပေါ် လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြကာ အတည်ပြုချက်ရယူရမည့်အကြောင်း ပါရှိနေသည်။

ပန်ကြားချက်ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းပင် ဝေဖန်မှုများရှိလာခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးကို ထိန်းချုပ်ရာရောက်ကာ ဗဟိုဦးစီးစနစ်ဆန်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ထောက်ပြဝေဖန်လာခဲ့သည်။

‘‘ဒီမိုကရေစီလိုလားတဲ့ ပါတီကြီးက နေရာအများစုရထားတဲ့လွှတ်တော်ကနေ ဒီလိုမျိုးပန်ကြားလွှာထုတ်တယ်ဆိုတော့ အစကအံ့သြမိတယ်။ အရင်လွှတ်တော်တုန်းကတောင် ဒီလိုမျိုးမရှိခဲ့ဘူး’’ ဟု ပထမအကြိမ်လွှတ်တော် ငါးနှစ်အတွေ့အကြုံရှိခဲ့သူ လက်ရှိရခိုင်အမျိုးသားပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကပြောသည်။

လွှတ်တော်ပြန်လည်စတင်မည့် ဇူလိုင် ၂၅ ရက်မတိုင်မီ သုံးရက်အလို ဇူလိုင် ၂၂ ရက်စွဲပါရှိပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသိရှိနိုင်ရန် ပန်ကြားချက်အမည်ဖြင့် လွှတ်တော်စတင်သည့် ပထမနေ့၌ ဖြန့်ဝေသော ပန်ကြားချက်တွင် အချက်သုံးချက် ထည့်သွင်းထားသည်။

ပန်ကြားချက်၏ ပထမဆုံးအချက်သည် INGOs , NGOs, CSOs စသော ပြည်တွင်း၊ ပြည်ပရှိအဖွဲ့အစည်းများက အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ လေ့လာရေးများတက်ရောက်ရန် ဖိတ်ကြားလာပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့တင်ပြကာ အတည်ပြုချက်ရယူရမည်ဖြစ်ပြီး ဒုတိယအချက်အဖြစ် ထိုသို့တက်ရောက်ရန် ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်များ၊ ကော်မတီများအနေဖြင့်လည်း မိမိတို့ထံတစ်ဦးချင်းဖြစ်စေ၊ ကော်မတီခေါင်းစဉ်ဖြင့်ဖြစ်စေ ဖိတ်ကြားလာပါက ဖိတ်ကြားသည့်အဖွဲ့အစည်းများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့လိပ်မူပြီး ဖိတ်ကြားပေးစေလိုကြောင်း ပြန်လည်ပြောကြားပေးပါရန်ဟု ဖော်ပြထားသည်။

လူထုထောက်ခံမှု တစ်ခဲနက်ဖြင့် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် လွှတ်တော်သက်တမ်းအစတွင် ယင်းကဲ့သို့ ပန်ကြားချက်ထုတ်ပြန်ခြင်းအပေါ် လွှတ်တော်၊ နိုင်ငံရေးစောင့်ကြည့်လေ့လာသည့် အသိုင်းအ၀ိုင်းကြား မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

ဥပဒေပြုရေးမဏ္ဍိုင်နှင့် တူညီသော နယ်ပယ်များမှ အရပ်ဘက်အဖွဲ့အစည်းများနှင့်ဆက်ဆံခြင်းသည် လွှတ်တော်ကိုယ်စားလှယ်များအတွက် ဗဟုသုတ၊ ပေါင်းစပ်ညှိနှိုင်းအဖြေရှာခြင်းနှင့် အရည်အချင်းမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၌ များစွာအထောက်အကူဖြစ်စေနိုင်သော်လည်း အဆိုပါကိစ္စရပ်များလုပ်ဆောင်ရန် ဖိတ်ကြားလာမှုများကို အတည်ပြုချက်ရယူရမည့် ကိစ္စသည် ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စဉ်းစားသုံးသပ်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

‘‘ပန်ကြားချက်က ဗဟိုဦးစီး စနစ်ဆန်နေတယ်။ ဒီလိုပန်ကြားချက်မျိုးက လူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အသံတွေကို နီးနီးကပ်ကပ် ကြားရဖို့ အခွင့်အလမ်းနည်းလာနိုင်တယ်’’ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

သို့သော် မြန်မာ့ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနေရာအများစု ရရှိထားသည့်လွှတ်တော်က ယခုကဲ့သို့ ဗဟိုဦးစီးစနစ်ဆန်နေကြောင်း အဝေဖန်ခံရသည့် ပန်ကြားချက်ထုတ်ပြန်ရခြင်း၏အကြောင်းရင်းကို ခန့်မှန်းသုံးသပ်မှုများရှိလာသည်။

ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များထံ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိတ်ကြားမှုများကို အများဆုံးဆောင်ရွက်ပေးခဲ့သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များ၏ ဖြစ်ပုံနှင့်ဆင်တူနေကြောင်း ၎င်း၏ အတွေ့အကြုံကိုပြောပြသည်။

‘‘ပြီးခဲ့တဲ့ လွှတ်တော်တုန်းက တခြားပါတီတွေကို ဖိတ်တာရှိသလို အင်န်အယ်လ်ဒီကို ဖိတ်ပေးရတာလည်းရှိတယ်။ လွှတ်တော်ကိုယ်စားလှယ် နာမည်တပ်ပြီး ဖိတ်တာဆိုရင်တောင် အင်န်အယ်လ်ဒီ ကိုယ်စားလှယ်တွေက သူတို့ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆီက ခွင့်ပြုချက်ရဖို့ တင်ပြရတာမျိုး ကြုံဖူးခဲ့ တယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်ပိုင်းခေါင်းဆောင်များအပါအ၀င် လက်ရှိလွှတ်တော်အကြီးအကဲများနှင့် ရင်းနှီးသူ အမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ယင်းသို့ ပန်ကြားလွှာ ထုတ်ပြန်ခဲ့ရမှုသည် လွှတ်တော်အကြီးအကဲများ မသိရှိအောင် အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ အဖွဲ့အစည်းများထံသွားလာခြင်းများရှိခဲ့ခြင်းကြောင့်ဟု ဆိုသည်။

‘‘တချို့တွေက လူကြီးတွေမသိဘဲ သွားတာရှိတယ်။ တစ်ခုခုပြဿနာဖြစ်လာရင် ဘာလဲဆိုတာမသိတော့ မရှင်းနိုင်ဘူးလေ။ အခုဟာကျတော့ ပြောပြီးသွားတယ်ဆိုရင် ဟိုမှာပြောရင်းဆိုရင်းတစ်ခုခုဖြစ်တယ်ဆိုရင် ရှင်းပေးလို့ရတယ်’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ၎င်းကပြောသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် လူနည်းစုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမည့် အချက်များကို ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်များကြား အသိပေးထားသော်လည်း လက်ရှိလွှတ်တော်၌ လူများစုဖြစ်သဖြင့် ယင်းသို့ တရားဝင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု နားလည်ထားကြောင်း ပထမအကြိမ်လွှတ်တော်သက်တမ်း အတွေ့အကြုံလည်းရှိသူ ၎င်းကပြောသည်။

လက်ရှိပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့ပေါင်းစည်းထားသော ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံရေးပါတီ ၁၃ ပါတီရှိနေပြီး ယင်းလွှတ်တော်ရှိ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၏ ၈၀ ရာခိုင်နှုန်းခန့်ကိုအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာရထားသည်။

‘‘သူတို့ (အင်န်အယ်လ်ဒီ) ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ထိန်းချင်တယ်ဆိုရင်တော့ ပါတီတွင်းစည်းကမ်းထုတ်တာ ပိုကောင်းမယ်ထင်တယ်။ အခုဟာက ပန်ကြားလွှာဆိုတော့ အမိန့်သဘောမျိုး မဟုတ်ပေမယ့် လွှတ်တော်အကြီးအကဲကို လေးစားမှုအားဖြင့် ကျွန်တော်တို့က လိုက်နာရတော့မယ်’’ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကဆိုသည်။

ဝေဖန်သံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာစေခဲ့သည့် ပန်ကြားချက်ထုတ်ပြန်ပြီး နောက်တစ်နေ့ (ဇူလိုင် ၂၆ ရက်) တွင်ပင် ပြည်သူ့လွှတ်တော်ရုံးက ပန်ကြားချက်အပေါ် ပြန်လည်သတင်းထုတ်ပြန်လာသည်။

ပြန်လည်သတင်းထုတ်ပြန်ရာတွင် ပန်ကြားချက်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးဆုံးရှုံးစေရန်၊ တဖြည်းဖြည်းကျပ်တည်းလာစေရန်၊ ဗဟိုဦးစီးစနစ်ဆန်စေရန် ထုတ်ပြန်ခဲ့ခြင်း မဟုတ်ကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်ဆံမှုအပေါ် ထိန်းချုပ်ခြင်းလည်း မဟုတ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် လွှတ်တော်ရေးရာကော်မတီဆောင်များတွင်တွေ့ဆုံခြင်းကိုလည်း တားမြစ်ခြင်းမရှိကြောင်း၊ ဖိတ်ကြားသည့်အဖွဲ့အစည်း၊ ဖိတ်ကြားခံရသည့် ကိုယ်စားလှယ်နှင့် ကော်မတီတို့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံတင် ပြလာပါက ခွင့်ပြုပေးလျက်ရှိကြောင်းပါရှိသည်။

သတင်းထုတ်ပြန်ချက်၏ နောက်ဆုံးအပိုဒ်တွင် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်ဖြစ်စေ၊ လွှတ်တော်ရေးရာကော်မတီဝင်အနေဖြင့်ဖြစ်စေ မိမိတို့သဘောနှင့် မိမိတွေ့ဆုံပြီး မိမိတို့ဆန္ဒသဘောထားများကို မိမိဘာသာဆွေးနွေးခြင်း၊ သဘောထားမှတ် ချက်ပေးခြင်းတို့မှာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်းမဟုတ်၍လွှတ်တော်နှင့် မသက်ဆိုင်ကြောင်းတို့ကိုသာ ဆိုလိုခြင်းဖြစ်သည်ဟုထည့်သွင်းရေးသားထားသည်။

‘‘အရင်ပန်ကြားချက်က ဗဟိုဦးစီးဆန်တယ်။ နောက်ဆုံးသတင်းထုတ်ပြန်ချက်က တရားနည်းလမ်းကျတယ်။ ဒီမိုကရေစီလွှတ်တော်မှာ အရာအားလုံးကို ဒီမိုကရေစီနည်းလမ်းကျတာပဲ ကောင်းပါတယ်။ ဒါမှသာ ပြည်သူပြည်သားတွေအတွက် ဥပဒေပြုရေးလွှတ်တော်က စံပြဖြစ်မယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

===================
251 / End