၆ ဩဂုတ် ၂၀၁၆ - ၁၉:၃၀
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆွစ်ဇာလန်ဘဏ်အကောင့်

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရည်မှန်းချက်များ အောင်မြင်ချင်လျှင် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူများအနေဖြင့် ဆွစ်ဇာလန်ဘဏ်အကောင့်တခု ဖွင့်နိုင်ရမည်။ ထိုကဲ့သို့ ပထမတန်းစား အကြံဥာဏ်မှာ ယခင်အစိုးရ လက်ထက် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center – MPC) တွင် စေ့စပ်ညှိနှိုင်း ဆွေးနွေးရေး အကြီးအကဲ ၀န်ကြီးဟောင်း ဦးအောင်မင်း၏အမွေ ဖြစ်သည်။ MPC ကို ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်ပါသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရည်မှန်းချက်များ အောင်မြင်ချင်လျှင် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသူများအနေဖြင့် ဆွစ်ဇာလန်ဘဏ်အကောင့်တခု ဖွင့်နိုင်ရမည်။

ထိုကဲ့သို့ ပထမတန်းစား အကြံဥာဏ်မှာ ယခင်အစိုးရ လက်ထက် မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center – MPC) တွင် စေ့စပ်ညှိနှိုင်း ဆွေးနွေးရေး အကြီးအကဲ ၀န်ကြီးဟောင်း ဦးအောင်မင်း၏အမွေ ဖြစ်သည်။ MPC ကို ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်တွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ဆွစ်ဇာလန်ဘဏ်အကောင့်နှင့် မည်သို့ ဆက်နွယ်ပါသနည်းဟု စာဖတ်သူ မေးကောင်းမေးနိုင်ပါသည်။

မကြာသေးမီက ထုတ်ပြန်ဖြန့်ချိသော ဦးအောင်မင်း၏ ၁၂ မျက်နှာပါ သုံးသပ်ချက်ဖြစ်သည့် ” ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ကိုယ်တိုင်ပါဝင်ခဲ့သူများ၏ သုံးသပ်ချက်များ” တွင် သူ တလျှောက်လုံးသုံးခဲ့သော နည်းပရိယာယ်ဖြစ်သည့် “Shuttle diplomacy” လွန်းပျံ သံခင်းတမန်ခင်းဖြင့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးဆွေးနွေပွဲများကို မည်သို့ ဦးဆောင်ခဲ့သည်ကို သုံးသပ်ပြထားသည်။ အဆိုပါ သုံးသပ်ချက်တွင် ၎င်းက ဆွစ်ဇာလန်ဘဏ်ငွေစာရင်း ဇာတ်လမ်းကို ပြောပြီး လွန်းပျံ သံခင်းတမန်ခင်းကို ရှင်းပြခဲ့ပါသည်။

ထိုဇာတ်လမ်းမှာ တခါတုန်းက ချမ်းသာသော သူဌေးကြီးတယောက်တွင် အလွန်လှပချောမောသော သမီးလေးတယောက်ရှိသည်။ ထိုသူဌေးသမီးလေးကို မြို့ထဲက ဆင်းရဲသားတယောက်နှင့် လက်ထပ်ပေးချင်သူ ပွဲစားတယောက်လည်း ရှိသည်။ ပွဲစားက သူဌေးကြီးကို သမီးလေးအား ဆင်းရဲသားနှင့် ထိမ်းမြားပေးရန် ပြောသော်လည်း ကောင်လေးမှာ ဆင်းရဲသောကြောင့် သူဌေးကြီးက ငြင်းပယ်ခဲ့သည်။ သို့ရာတွင် ပွဲစားက ဆင်းရဲသားကောင်လေးတွင် ဆွစ်ဇာလန် ဘဏ်အကောင့်ရှိကြောင်း ပြောလိုက်သည်။ ထိုဘဏ်အကောင့် ပိုင်ဆိုင်သောသူမှာ ချမ်းသာရမည်ဟု မှန်းဆလိုက်သည့်အတွက် သူဌေးကြီးက မင်္ဂလာကိစ္စကို သဘောတူလိုက်သည်။

ပွဲစားက သူဌေးသမီးဆီသွား၍ ဆင်းရဲသားကောင်လေးနှင့် လက်ထပ်ရန် တိုက်တွန်းပြန်သည်။ သူဌေးသမီးကလည်း ငြင်းသည်။ ထိုအခါ ပွဲစားက အဆိုပါ မင်္ဂလာပွဲကို ဖခင်ဖြစ်သူက သဘောတူပြီးဖြစ်ကြောင်း သူဌေးသမီးအား ရှင်းပြသည်။ သူဌေးသမီးက ဖခင်ဖြစ်သူ၏ ချမ်းသာကြွယ်ဝမှုများကို အမွေဆက်ခံရမည့် အခွင့်အရေး ဆုံးရှုံးမှာ စိုးရိမ်၍ ဆင်းရဲသားကောင်လေးနှင့် လက်ထပ်ရန် သဘောတူခဲ့သည်။ ပွဲစားက ကောင်လေးဆီသွား၍ သူဌေးကြီး၏ သမီးနှင့် ထိမ်းမြားရန် တိုက်တွန်းပြန်ရာ ကောင်လေးကလည်း ၎င်းမှာဆင်းရဲသောကြောင့် မဖြစ်နိုင်ကြောင်း ငြင်းသည်။ သူဌေးသမီးကလည်း လက်ထပ်ရန် သဘောတူပြီးကြောင်း ပွဲစားက ရှင်းပြလိုက်သောအခါ ကောင်လေးကလည်း သဘောတူခဲ့သည်။

နောက်ဆုံးတွင် ပွဲစားက ဆွစ်ဇာလန်ဘဏ်တခုသို့သွား၍ ကောင်လေးအတွက် ဘဏ်အကောင့်တခုဖွင့်ပေးရန် တောင်းဆိုခဲ့သည်။ ထိုဘဏ်ကလည်း ငြင်းခဲ့သည်။ ထိုအခါ ပွဲစားက ဘဏ်အား ကောင်လေးမှာ မကြာခင် ဘီလံနာသူဌေးကြီးတဦး၏ သားမက်ဖြစ်တော့မည်ဟု ရှင်းပြသောအခါ ဆွစ်ဇာလန်ဘဏ်က ဆင်းရဲသားကောင်လေးအတွက် ဘဏ်အကောင့်တခု ဖွင့်ပေးရန် သဘောတူခဲ့သည်။

ဦးအောင်မင်းက ၎င်းအနေဖြင့် အထက်ပါ ဇာတ်လမ်းမှ ပွဲစား၏ နေရာတွင် ဆောင်ရွက်ခဲ့ပြီး ၎င်း၏ ငြိမ်းချမ်းရေး ရည်မှန်းချက် “ဆွစ်ဇာလန် ဘဏ်အကောင့်” ကို ဖွင့်နိုင်ခဲ့ကြောင်း စာဖတ်သူများကို သဘောပေါက်စေသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဦးအောင်မင်းက ကူးချီသန်းချီ ကြားဝင်စေ့စပ်ခဲ့ခြင်းဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့အကြား နိုင်ငံလုံးဆိုင်ရာ အပတ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခဲ့ခြင်းက ၎င်း၏ အောင်မြင်မှု ဖြစ်သည်။

ထိုဇာတ်လမ်းက Machiavelli ၏ မည်သည့်နည်းလမ်းနှင့် မဆို အနိုင်ရရန်သာ အဓိကဟူသည့် ကျော်ကြားသော အယူအဆကို စာဖတ်သူအား လက်ခံနားလည်စေခြင်းလည်းဖြစ်ပြီး တစုံတယောက်၏ ရည်မှန်းချက်များ အောင်မြင်လိုလျှင် မည်သည့်နည်းကို မဆို သုံးရမည်ဟု ညွှန်းဆိုနေသည်။

လွန်ခဲ့သော ၄ နှစ်အတွင်း ဦးအောင်မင်း၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများက ဆွစ်ဇာလန် ဘဏ်အကောင့် ဇာတ်လမ်းထဲကအတိုင်းဟုဆိုလျှင် မည်သည့် ရလဒ်ကောင်းများ ထွက်သည်ဆိုကာမူ ယင်းသည် လှည့်ဖျားမှုသာ ဖြစ်သွားတော့သည်။

ဦးအောင်မင်းက လွန်းပျံသံတမန်ရေး Shuttle diplomacy ကို မှားယွင်းစွာ အဓိပ္ပါယ်ကောက်ခဲ့ခြင်းက ဆိုးသည်။ ၁၉၇၃ ခုနှစ် Yom Kippur စစ်ပွဲပြီးနောက် အစ္စရေး၊ အီဂျစ်နှင့် ဆီးရီးယားနိုင်ငံများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမေရိကန်အစိုးရ၏ ညှိနှိုင်းဆွေးနွေးသူအဖြစ် ဟင်နရီကစ်ဆင်းဂျားက ကြားဝင်စေ့စပ်ခဲ့သောအခါ အဆိုပါ ဝေါဟာရမှာ ပထမဆုံး ပေါ်ထွက်လာခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးသူတဦးက အဖွဲ့အစည်းပေါင်းစုံဖြင့် ညှိနှိုင်းရသောအခါ အဆိုပါ ကူးချီသန်းချီ ကြားဝင်စေ့စပ်ခြင်း စကားလုံးကို အသုံးပြုပါသည်။ သဘောတူညီမှု တခုရရန် အဖွဲ့အစည်းများအကြား အကြိမ်းပေါင်းများစွာ ဆွေးနွေးညှိနိုင်းရသည်။ ကနဦးတွင် ရည်မှန်းချက်အားလုံး ပြည့်ဝမည်မဟုတ်သည်ကို နားလည်ရမည်ဖြစ်ပြီး သဘောထား ပျော့ပျောင်းရန် တိုက်တွန်းရသည်။ ရှေ့မတိုးသာသော အခြေအနေများတွင် သက်ဆိုင်သော အဖွဲ့ဝင်များ ယုံကြည်လက်ခံလာစေရန် ညှိနှိုင်းသူမှ အကြံဥာဏ်ပေးသူအဖြစ် ပြောင်းလဲနိုင်ရမည်ဖြစ်သည်။

အရေးကြီးဆုံးမှာ ကျနော်တို့ သိနေသော အစ္စရေးနှင့် အာရပ် စေ့စပ်ညှိနှိုင်းမှုတွင် ဦးအောင်မင်း ဖော်ပြခဲ့သော ဆွစ်ဇာလန် ဘဏ်အကောင့် ဇာတ်လမ်း၏ လှည့်ဖျားသော ဗျူဟာများအား ကစ်ဆင်းဂျား အသုံးမပြုခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့သည် ဆွေးနွေးပွဲများတွင် အပြည့်အ၀ ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ကို မူအားဖြင့် သဘောတူခဲ့သော်လည်း NCA လက်မှတ်မရေးထိုးခဲ့သော ဇာတ်လမ်းကလည်း ရှိသည်။ လက်မှတ်ထိုးရန် ချန်လှပ်ခံထားရသော ရခိုင့်တပ်မတော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်တို့ထက် ၎င်းအဖွဲ့များ လက်မှတ်မရေးထိုးခြင်း၏ နောက်ကွယ်တွင် အခြားအကြောင်းပြချက်များ ရှိနေနိုင်သည်။

အစိုးရက ၂၁ရာစု ပင်လုံညီလာခံအတွက် ပြင်ဆင်သော အရေးကြီးသည့် ကာလတခုတွင် ဦးအောင်မင်း၏ သုံးသပ်ချက် ထွက်ရှိလာခြင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်သည့်အခါ NRPC ဦးဆောင်မှု အသစ် အတွက် တည်ဆောက်ပြီး စိတ်ကူးစိတ်သန်းများနှင့် အဖိုးတန်သော အကြံပြုချက်များ ပါဝင်စေလိုသော သဘောဟု ယူဆရပါသည်။

သို့သော်လည်း ဦးအောင်မင်း၏ အကြံပြုချက်သည် လက်ရှိ NRPC ၏ ဥက္ကဌဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အယူအဆနှင့် လွန်စွာ ကွဲပြားနေပါသည်။ ၁၉၈၈ ခုနှစ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် နည်းလမ်းမှန်မှ အောင်ပွဲရ ဟူသော အယူအဆကို အမြဲတမ်း ယုံကြည်ခဲ့သည်။ နည်းလမ်းများသည် ကျင့်ဝတ်အရ လက်ခံနိုင်မှသာ ရလဒ်သည် နိုင်ငံရေးအရ ဂုဏ်သိက္ခာ မြင့်မားမှုကို ထိမ်းသိမ်းထားနိုင်မည်ဟူသည်ကို ဒေါ်အောင်ဆန်းစုကြည် နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားပါသည်။

(သုတ သည် မြန်မာနိုင်ငံမှ အလွတ်တန်းစာရေးဆရာနှင့် နိုင်ငံရေးလေ့လာသူဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Thuta ၏ Burma’s Peace Process and the Swiss Bank Account ကို ဘာသာပြန်ဆိုသည်)
===================
251 / End