အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံသား ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် မွတ်စလင် ၆ ဦးကို တရားရုံးက အာမခံဖြင့် ပြန်လည် လွှတ်ပေးထားသည်။ (ဓာတ်ပုံ- မျိုးမင်းစိုး/ဧရာဝတီ)
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ တိုးချဲ့ရပ်ကွက်နေ မွတ်စလင် ၆ ဦးကို ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
အဆိုပါ ၆ ဦးကို သြဂုတ်လအစပိုင်းမှ စတင်ကာ ရဲတပ်ဖွဲ့နှင့် လဝက မှ ဆက်တိုက် စစ်ဆေးမေးမြန်းပြီးနောက် သြဂုတ် ၈ ရက်တွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ ပုဒ်မ ၆၂၊ ၆၃ တို့ဖြင့် တရားစွဲခဲ့သည်။ ထို့နောက် သြဂုတ် ၁၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အာမခံဖြင့် ပြန်လွှတ်ပေးထားဟု သိရသည်။
ဥပဒေတွင် ပုဒ်မ ၆၃ အရ မည်သူမဆို နိုင်ငံသားပြုလုပ်ခွင့် လက်မှတ် အတုပြုလုပ်လျှင်ဖြစ်စေ ထိုသို့ပြုလုပ်လျှင်ဖြစ်စေ ထောင်ဒဏ် ၁၅ နှစ်နှင့် ငွေဒဏ် ၅ သောင်းကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အဆိုပါရပ်ကွက်နေ မွတ်စလင် တဦးနှင့် ဗုဒ္ဓဘာသာ လူငယ် ၂ ဦး ခိုက်ရန်ဖြစ်ပွားမှုခဲ့ရာမှ ဝင်ရောက်ဖြန်ဖြေသည့် အမျိုးသမီးတဦးကို မွတ်စလင် လူငယ်က ဓားဖြင့်ခုတ်မိခဲ့ကြောင်း၊ အမျိုးသမီးကို ဆေးရုံတင်ထားပြီး ၂ ပတ်ခန့် အကြာတွင် ၎င်းမှာ အဆုတ်ရောင်ရောဂါဖြင့် ဆေးရုံတွင် သေဆုံးသွားသည်ဟု ဆေးစာတွင်ဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စအပေါ် မကျေနပ်ဟုဆိုကာ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုသည့် အဖွဲ့နှင့် လူတစုက တရားခံကို ထုတ်ပေးရန် ပြောဆိုရာမှ ပြဿနာများဖြစ်ပွားခဲ့သည်။
ထို့ပြင် သံဃာများအပါအဝင် လူတချို့နှင့် ရပ်ကွက်တာဝန်ရှိသူ တချို့က ယင်းရပ်ကွက်အတွင်း ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနေသည့် ပုံများလည်း လူမှုကွန်ယက်ဖေ့စ်ဘုတ်ထက်တွင် ပျံ့နှံ့ခဲ့သည်။
အဆိုပါ အမှုကို လိုက်ပါ ကူညီပေးနေသူ သင်္ဃန်းကျွန်းမြို့နယ် NLD ပါတီ ရပ်ကွက်အဖွဲ့ခွဲမှ ကိုစလင်းက “တရားစွဲခံထားရတဲ့သူတွေ ကြောက်နေကြတယ်ဗျ။ လူငယ် ၂ ယောက် ရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်တဲ့ကိစ္စနဲ့ မျိုးချစ်ဆိုတဲ့အဖွဲ့ဆိုပြီးလူတစုက ရပ်ကွက်ကလူတွေကို ဖိအားတွေပေးပြီး ဧည့်စာရင်း အတင်း စစ်ခိုင်းတာ။ တရားစွဲခံရတဲ့သူတွေကတော့ ၂ ရက်လုံး ရဲစခန်းမှာ အစစ်ခံလိုက် ပြန်လာလိုက်နဲ့။ ဒီနေ့တော့ တရားရုံးက အာမခံပေးလိုက်တယ်”ဟု ၎င်းကရှင်းပြသည်။
မြို့နယ်လဝက အဖွဲ့က ရပ်ကွက်တွင် အထောက်အထားမခိုင်လုံဘဲ နေထိုင်သူ မွတ်စလင် ၂၃ ဦးကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၆ ဦးကိုတရားစွဲခြင်း၊ ၁၇ ဦးကို စစ်ဆေးမေးမြန်းခြင်းနှင့် ငွေဒဏ်ရိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဖြစ်ရိုးဖြစ်စဉ် ပြဿနာတခုမှာ တရားခံကိုဖမ်းဖို့လည်း ရဲဘက်ကလည်း လိုက်နေပြီ။ အဲဒါကို ဘာသာရေးပုံစံ လှုံ့ဆော်တာ မကောင်းဘူး။ မျိုးချစ်ရဟန်းတော်များသမဂ္ဂဆိုတာလည်း သူတို့ဘာလုပ်နေတယ်ဆိုတာတွေကို ဖေ့စ်ဘုတ်တွေမှာတင်နေတာပဲ။ တရားဥပဒေစိုးမိုးရေးက အလုပ် လုပ်ရမှာ။ ဧည့်စာရင်းစစ်တဲ့ကိစ္စဆိုတာက အုပ်ချုပ်ရေးပိုင်းကလုပ်ရမယ့်ကိစ္စပါ”ဟု သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။
ဧရာဝတီသတင်းဌာနက သင်္ဃန်းကျွန်းနယ်မြေ ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းများကို အမှုနှင့်ပတ်သက်၍ မေးမြန်းသော်လည်း ပြဿနာစတင်ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုတွင် ပါဝင်နေသည့် တရားခံကို ဖမ်းဆီးရမိရန် စုံစမ်းနေဆဲဟုသာ ပြောဆိုပြီး အမှုဖွင့်ထားသည့်ပုဒ်မ၊ တရားခံနာမည်၊ အမှုဖြစ်စဉ်အကျဉ်းကို ပြောရန် ငြင်းဆန်ကာ ဖုန်းချသွားသည်။
================================
251/End