အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ တစ်နိုင်ငံလုံးရှိ COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများကို အချိန်ခြောက်နာရီအတွင်း စစ်ဆေးအဖြေထုတ် ပေးနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသည် ဓာတ်ခွဲပစ္စည်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ Armed Forces Research Institute of Medical Science (AFRIMS) မှလည်းကောင်း၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် JICA အဖွဲ့တို့၏ ပံ့ပိုးချိတ်ဆက်မှုဖြင့် ဂျပန်နိုင်ငံ National Center for Global Health and Medicine and Juntendo University မှလည်းကောင်း အသီးသီး လက်ခံရရှိခဲ့ကာ လက်ရှိတွင် လူနာများထံမှ ဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ်စ်ရောဂါပိုး ရှိမရှိအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက်စစ်ဆေး (parallel testing) လျက်ရှိရာ ဓာတ်ခွဲအဖြေများ ကိုက်ညီမှုရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန် အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ ဂျပန်ယန်းလေးသိန်း တန်ဖိုးရှိ ဓာတ်ခွဲပစ္စည်းများအား ပထမအသုတ်အနေဖြင့် JICA မှ လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံသည် COVID-19 ကို အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိရာ COVID-19 စစ်ဆေးမှုများကို အလျင်အမြန်ပြုလုပ်နိုင်ရန် ဂျပန်ယန်း စုစုပေါင်း ၄၀၀၀၀၀ တန်ဖိုးရှိ လိုအပ်သော ဓာတ်ခွဲပစ္စည်းများအား JICA မှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ ပထမအသုတ်အနေဖြင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းသတ်မှတ်ချက်၊ ညွှန်ကြားချက်အတိုင်း လူနာများထံမှ ဓာတ်ခွဲနမူနာများတွင် COVID-19 ဗိုင်းရပ်(စ်) ရောဂါပိုးရှိ မရှိအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းနှင့် တစ်ပြိုင်နက် ဓာတ်ခွဲစစ်ဆေး (parallel testing) လျက်ရှိရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ (NHL) ၏ ဓာတ်ခွဲအဖြေများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းမှ အဖြေများသည် ကိုက်ညီမှုရှိသည်ကို တွေ့ရကြောင်း သိရသည်။
COVID-19 ရောဂါကို နိုင်ငံပေါင်း ၅၀ ကျော်၌ တွေ့ရှိလာချိန်တွင် ရောဂါစတင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အလွန်အန္တရာယ်ရှိ (very high) အဆင့်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်က တစ်ပြေးညီ စတင်သတ်မှတ်ခဲ့ကြောင်း WHO မှ သိရသည်။
ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ COVID-19 ရောဂါနှင့် ပတ်သက်၍ အန္တရာယ်ရှိအဆင့် သတ်မှတ်ချက်မှာ တရုတ်နိုင်ငံသည် အလွန်အန္တရာယ်ရှိ very high အဆင့်တွင်ရှိပြီး ဒေသတွင်းနိုင်ငံများ အပါအဝင် တစ်ကမ္ဘာလုံးကို အန္တရာယ်ရှိ high အဆင့် သတ်မှတ်ထားခဲ့ရာမှ နိုင်ငံအများအပြားတွင် ရောဂါကူးစက် ပျံ့နှံ့လာသည့်အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ တရုတ်နိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အလွန်အန္တရာယ်ရှိ (Very High) အဆင့်အဖြစ် တစ်ပြေးညီ စတင်သတ်မှတ် ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဗဟိုအဆင့် ဆေးရုံကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများအနေဖြင့် အထူးကြပ်မတ် ကုသဆောင်များ၊ သီးခြားထားရှိ ကုသဆောင်၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ ပြင်ဆင်ထားရှိခြင်း၊ မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံအား ကပ်ရောဂါအသွင် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ ဖြစ်ပွားပါက လူနာသီးခြားထားရှိ ကုသရန်အတွက် ညွှန်းပို့ဆေးရုံအဖြစ် သတ်မှတ်ပြီး အထူးကြပ်မတ် ကုသဆောင်နှင့် သီးခြားထားရှိ ကုသဆောင်များအား ပြင်ဆင်ထားရှိခြင်း၊ နယ်စပ် ဝင်ထွက်ပေါက်များ အနီးရှိ ညွှန်းပို့ဆေးရုံများအနေဖြင့် ခရိုင်ပြည်သူ့ဆေးရုံ မူဆယ်မြို့၊ လားရှိုးပြည်သူ့ဆေးရုံကြီး၊ စဝ်စံထွန်း ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး၊ ကျိုင်းတုံပြည်သူ့ ဆေးရုံကြီးတို့အား သတ်မှတ်ပြီး ကြိုတင်ပြင်ဆင် ထားရှိခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်းလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
*********************************************
END /251