အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်ဆ်ဝါလ် (Randhir Jaiswal) က ကြာသပတေး နေ့၊ မော်ဒန်ပြက္ခဒိန်အရ ဩဂုတ်လ ၂၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံမှ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ပါဝင်သည့် အထောက်အပံ့အသစ်တစ်ရပ် ကဘူးလ်လေဆိပ်သို့ ရောက်ရှိလာကြောင်း ကြေညာခဲ့ပါတယ်။
၎င်းက လူမှုကွန်ရက် X ပေါ်တွင် အိန္ဒိယနိုင်ငံသည် အာဖဂန်ပြည်သူများအား ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ပြီး အာဖဂန်နစ္စတန်၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အားကောင်းလာစေရန်လည်း ဆက်လက်ပံ့ပိုးသွားမည်ဟု အလေးပေးပြောကြားခဲ့ပါတယ်။ သို့သော် အိန္ဒိယတာဝန်ရှိသူက ယခုအကြိမ် ပို့ဆောင်သည့် အထောက်အပံ့၏ အလေးချိန် သို့မဟုတ် တန်ဖိုးနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။ တာလီဘန်တို့ကလည်း ယခုအချိန်အထိ အဆိုပါအကူအညီကို လက်ခံရရှိကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါ။ ဂျိုင်ဆ်ဝါလ် ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများတွင် ကဘူးလ်လေဆိပ်၌ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ ထုပ်ပိုးထားသည့် အထုပ်အပိုး အများအပြားကို တွေ့မြင်ရပါတယ်။
ယခုအကြိမ် ပို့ဆောင်မှုသည် အာဖဂန်နစ္စတန်အတွက် အိန္ဒိယ၏ တိုးမြှင့်ပေးအပ်လာသည့် ဆေးဘက်ဆိုင်ရာ အကူအညီများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နယူးဒေလီသည် ဇွန်လ ၁၇ ရက်နေ့တွင်လည်း အရေးကြီး ဆေးဝါး ၅ တန်ကို ကဘူးလ်သို့ ပို့ဆောင်ခဲ့ပါတယ်။
ထိုမတိုင်မီ မေလတွင် BCG၊ မေးခိုင်ရောဂါနှင့် ဆုံဆို့ နာရောဂါ ကာကွယ်ဆေးများ ထုတ်လုပ်ရန် လိုအပ်သည့် ပစ္စည်း ၂၀ တန်နှင့် ဧပြီလတွင် BCG ကာကွယ်ဆေး ၁၃ တန်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း အာဖဂန်နစ္စတန်သို့ ပေးပို့ခဲ့ပါတယ်။
Khaama Press ၏ သတင်းအရ အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း အာဖဂန်နစ္စတန်သို့ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း တန်ချိန်များစွာ ပို့ဆောင်ခဲ့ပြီး ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများတွင် ပို့ဆောင်ခဲ့သည့် အထောက်အပံ့များမှာ စုစုပေါင်း တန်ချိန် ၇၅ ကျော်ရှိကြောင်း သိရပါတယ်။
အိန္ဒိယ၏ ဆေးဝါးအကူအညီများ တိုးမြှင့်လာခြင်းသည် တာလီဘန်နှင့် ပါကစ္စတန်ကြား တင်းမာမှုများကြောင့် အာဖဂန်နစ္စတန်၏ ဆေးဝါးကုန်သွယ်မှု ထိခိုက်နေချိန်နှင့် တိုက်ဆိုင်နေသည်။ တင်းမာမှုများ ပိုမိုပြင်းထန်လာပြီး နယ်စပ်ဖြတ်ကျော်ဂိတ်များ ပိတ်ထားပြီးနောက် တာလီဘန်တို့သည် ပါကစ္စတန်မှ တရားဝင် ဆေးဝါး တင်သွင်းမှု ကို ရပ်ဆိုင်းခဲ့ပြီး ဆေးဝါးရရှိရေးအတွက် အခြားရင်းမြစ်များ ရှာဖွေရန် ကုန်သည်များကို တောင်းဆိုခဲ့ပါတယ်။
တာလီဘန်တာဝန်ရှိသူများကလည်း ပြီးခဲ့သည့်လများအတွင်း ကျန်းမာရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် တောင်းဆိုခဲ့ကြပါတယ်။ သတင်းများအရ ဆေးဝါးတင်သွင်းမှု မရပ်ဆိုင်းမီက အာဖဂန်နစ္စတန်၏ ဆေးဝါးလိုအပ်ချက် အများအပြားကို ပါကစ္စတန်ထံမှ ဖြည့်ဆည်းပေး နေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ကဘူးလ်အစိုးရသည် ဆေးဝါးတင်သွင်းသည့် ရင်းမြစ်များကို အိန္ဒိယအပါအဝင် အခြားနိုင်ငံများထံသို့ ပြောင်းလဲရန် ကြိုးပမ်းနေပါတယ်။
အဆိုပါကုန်သွယ်ရေး အနှောင့်အယှက်များသည် အာဖဂန်နစ္စတန်၏ ပြည်တွင်းဈေးကွက်ကိုလည်း ထိခိုက်စေခဲ့ ပါတယ်။ Afghanistan International ၏ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် လေ့လာ တွေ့ရှိချက်များအရ ပါကစ္စတန်နှင့် ဆေးဝါးကုန်သွယ်မှု ရပ်ဆိုင်းပြီးနောက် ကဘူးလ်မြို့တွင် ဆေးဝါးအချို့၏ ဈေးနှုန်းများ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ဆေးဝါးအချို့မှာလည်း တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဈေးကွက်အတွင်း ဝင်ရောက်လာကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံ သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပြင် ပြီးခဲ့သည့်လများအတွင်း ကဘူးလ် နှင့် နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံရေးများကိုလည်း တိုးမြှင့်လာခဲ့သည်။ သို့သော် နယူးဒေလီသည် တာလီဘန် အစိုးရကို ယခုအချိန်အထိ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသေးချေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment