၁၁ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၄
ပါကစ္စတန်ရှိ ရှီအဟ် ဘာသာဝင်များ၏ အေမာမ်ဘာရာ ဖောက်ခွဲတိုက်ခိုက်မှု၏ အဓိကတရားခံ သေဆုံး

ပါကစ္စတန်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက ပက်ရှာဝါမြို့ အပြင်ဘက်ဒေသတစ်ခုတွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း ISIS-K (ISIL-K / အိုင်အိုက်စ် ခိုရာဆန်)အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူများအနက်တစ်ဦးမှာ အစ္စလာမ်မာဘတ်မြို့ရှိ “ခဒီဂျသိုလ်ကူဘရာ” အေမာမ် ဘာရာ တွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲတိုက်ခိုက်မှု၏ အဓိကတရားခံဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ပါကစ္စတန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနမှ တပ်ဖွဲ့များသည် ကဘူးလ် အင်္ဂလိပ်ဘာသာစကားသင်တန်းကျောင်းအနီးရှိ အဆောက်အအုံတစ်ခုတွင် ISIS-K အဖွဲ့ဝင်များ ရှိနေကြောင်း သတင်းအချက်အလက်ရရှိပြီးနောက် ထိုနေရာကို ဝိုင်းပတ်ပိတ်ဆို့ကာ အကြမ်းဖက်သမားများကို ဖမ်းဆီးရန် စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ 

လုံခြုံရေးတပ်ဖွဲ့များ အဆောက်အအုံအတွင်းသို့ ဝင်ရောက်လာချိန်တွင် အကြမ်းဖက်သမားများက ၎င်းတို့ထံသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ISIS-K အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပါတယ်။

ပါကစ္စတန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန၏ ပြောကြားချက်အရ “အီမ်ရန်” ဟု အမည်ရပြီး “အဗ်ဒိုလ္လာဟ် ” ဟုလည်း ခေါ်ဆိုသူသည် အလွန်အမင်း အလိုရှိနေသော တရားခံများထဲမှ တစ်ဦးဖြစ်ပြီး ပက်ရှာဝါနှင့် အခြားဒေသများတွင် ဖြစ်ပွားခဲ့သော ဖောက်ခွဲတိုက်ခိုက်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှု အများအပြား၏ အဓိကတရားခံဖြစ်ကြောင်း ဆိုပါတယ်။

၎င်းသည် ဖောက်ခွဲရေးပစ္စည်းများအသုံးပြုသည့် တိုက်ခိုက်မှုများ၊ အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပုဂ္ဂိုလ်များကို လုပ်ကြံသတ်ဖြတ်မှုများကို စီစဉ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့တွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရပါတယ်။

ထိုလုံခြုံရေးအဖွဲ့အစည်းက ထပ်မံ၍ အီမ်ရန်သည် ယခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အစ္စလာမ်မာဘတ်မြို့ သရ်လာယီ ဒေသရှိ “ခဒီဂျသိုလ်ကူဘရာ”  အေမာမ် ဘာရာ ကို အသေခံဗုံးခွဲတိုက်ခိုက်မှုတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုတိုက်ခိုက်မှုမှာ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အနည်းဆုံး ၃၂ ဦး သေဆုံးကာ ၁၆၉ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန၏ အစီရင်ခံချက်အရ အီမ်ရန်သည် ဖောက်ခွဲရေးအင်္ကျီ (suicide vest) ကို ဘာဂျာဒေသ မှ ရယူခဲ့ပြီး အသေခံဗုံးခွဲသမားကို နော်ရှဲရာမြို့မှ မြို့တော် အစ္စလာမ်မာဘတ်သို့ ပို့ဆောင်ပေးခဲ့ပါတယ်။ သေဆုံးခဲ့သည့် အခြားအဖွဲ့ဝင်တစ်ဦးမှာလည်း အဆိုပါတိုက်ခိုက်မှုအတွက် ပစ်မှတ်နေရာကို ရှာဖွေစစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းများတွင် ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့များသည် ယခုစစ်ဆင်ရေးအတွင်း သေနတ် ၁ လက်၊ ပစ္စတို ၄ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆန်အိမ် ၅ ခု၊ လက်လုပ်ဗုံး ၁ လုံးနှင့် ခဲယမ်းမီးကျောက် အမြောက်အမြား ကိုလည်း ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha