အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်စစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာခြင်း၊ သွင်းကုန်အခွန်များကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် အိမ်ရာစရိတ်များ ကြီးမြင့်လာခြင်းတို့သည် အမေရိကန်ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝအပေါ် ကြီးမားသော ဖိအားဖြစ်စေခဲ့ပါတယ်။ ယင်းအခြေအနေများသည် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်အပေါ် အဓိကသက်ရောက်မှုရှိခဲ့ကြောင်း ဝေါလ်စထရိဂျာနယ်၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
စစ်တမ်းအချက်အလက်များအရ အမေရိကန်မဲဆန္ဒရှင် ၃၉ ရာခိုင်နှုန်းခန့်သည် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် စီးပွားရေးအခြေအနေကို နိုင်ငံ၏ အရေးအကြီးဆုံးပြဿနာအဖြစ် သတ်မှတ်ခဲ့ကြပြီး ၉၀ ရာခိုင်နှုန်းနီးပါးက လူနေမှုစရိတ်သည် ၎င်းတို့၏ မဲပေးဆုံးဖြတ်ချက်အပေါ် အရေးပါသော သက်ရောက်မှုရှိကြောင်း ဖြေဆိုခဲ့ကြပါတယ်။ ထို့ပြင် ပြည်သူလေးပုံသုံးပုံခန့်က နိုင်ငံ၏ စီးပွားရေးအခြေအနေကို မကောင်းဟု သတ်မှတ်ခဲ့ကြပါတယ်။
အထူးသဖြင့် အီရန်စစ်ပွဲစတင်ပြီးနောက် အမေရိကန်တွင် ဓာတ်ဆီဈေးနှုန်း ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ဒီဇယ်ဈေးနှုန်းမှာလည်း သုံးပုံနှစ်ပုံနီးပါး မြင့်တက်ခဲ့ပါတယ်။
အိုင်အိုဝါ၊ ကန်ဆက်စ်၊ မိန်း၊ မစ်ရှီဂန်၊ နယူးဟမ်ရှိုင်းယားနှင့် တက္ကဆက်ပြည်နယ်များရှိ သာမန်မိသားစုများသည် အောက်တိုဘာလလယ်အထိ ဓာတ်ဆီအတွက် အပိုကုန်ကျစရိတ် ဒေါ်လာ ၆၀၀ ကျော် ပေးဆောင်ခဲ့ရကြောင်း ဘရောင်းတက္ကသိုလ်၏ ရာသီဥတုဆိုင်ရာ ဖြေရှင်းချက်သုတေသနဌာန၏ တွက်ချက်မှုကို ကိုးကား၍ ဖော်ပြထားပါတယ်။
ထို့အပြင် အမေရိကန်တွင် အိမ်ရာချေးငွေအတိုးနှုန်းသည် ၇ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပြီး ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းများနှင့် အလုပ်သမားစရိတ်များ မြင့်တက်လာခြင်းက အိမ်ဝယ်ယူရေးနှင့် အိမ်ဆောက်လုပ်ရေးလုပ်ငန်းများကို ပိုမိုခက်ခဲစေခဲ့ပါတယ်။
တစ်ဖက်တွင် သမ္မတ ဒေါ်နယ်ထရမ့်သည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ပြည်သူများ၏ ဝယ်ယူနိုင်စွမ်း မြှင့်တင်ရေးနှင့် ငွေကြေးဖောင်းပွမှု ထိန်းချုပ်ရေးကို ကတိပြုခဲ့သော်လည်း လက်တွေ့တွင် လူနေမှုစရိတ်များ ဆက်လက်မြင့်တက်နေခြင်းကြောင့် ၎င်း၏ အစိုးရအပေါ် မကျေနပ်မှုများ ပိုမိုများပြားလာခဲ့ပါတယ်။
စစ်တမ်းများအရ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ယခင်က ရီပတ်ဘလစ်ကန်ပါတီက ၁၂ ရာခိုင်နှုန်း အသာစီးရရှိခဲ့သော်လည်း ယခုအခါ ဒီမိုကရက်တစ်ပါတီက ၃ ရာခိုင်နှုန်း အသာစီးရရှိလာခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှုနှင့် သွင်းကုန်အခွန်ဆိုင်ရာ ကိစ္စရပ်များတွင်လည်း ဒီမိုကရက်တစ်ပါတီ၏ ထောက်ခံမှု ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
အဆိုပါအခြေအနေများအရ အမေရိကန်ပြည်သူများသည် စီးပွားရေးတိုးတက်မှုဆိုင်ရာ ကိန်းဂဏန်းများထက် မိမိတို့၏ နေ့စဉ်အသုံးစရိတ်နှင့် ဝယ်ယူနိုင်စွမ်းအပေါ် ပိုမိုအလေးထားလာကြပြီး ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိပါက အာဏာရပါတီအပေါ် နိုင်ငံရေးအရ တာဝန်ခံစေမည့် အခြေအနေများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သတင်းတွင် သုံးသပ်ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment