၇ နိုဝင်ဘာ ၂၀၂၆ - ၂၃:၅၉
အီရန်သည် ရန်သူထံမှ လက်တွေ့ကျသော အာမခံချက် ရယူနိုင်သည့် အဆင့်သို့ ရောက်ရှိလာပြီဟု ပြောကြား

အီရန် အမျိုးသားလုံခြုံရေး အဆင့်မြင့်ကောင်စီဆိုင်ရာ အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်၏ ကိုယ်စားလှယ် စအီးဒ် ဂျလီလီက အီရန်နိုင်ငံသည် ပြည်သူများ၏ ခုခံတော်လှန်မှုကြောင့် ရန်သူထံမှ လက်တွေ့ကျသော အာမခံချက်များ ရယူနိုင်သည့် အဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် အီရန်အပေါ် ရက်ပေါင်း ၄၀ ကြာ စစ်ပွဲဆင်နွှဲခဲ့သည့် ရန်သူများသည် သုံးရက် သို့မဟုတ် သုံးပတ်အတွင်း ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်မည်ဟု ထင်မှတ်ခဲ့သော်လည်း အခြေအနေမှာ မျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အမျိုးသားလုံခြုံရေး အဆင့်မြင့်ကောင်စီဆိုင်ရာ အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင်၏ ကိုယ်စားလှယ် စအီးဒ် ဂျလီလီက အီရန်ပြည်သူများ၏ ခုခံတော်လှန်မှုသည် နိုင်ငံ၏ အင်အားနှင့် နိုင်ငံတကာအဆင့်၌ သြဇာလွှမ်းမိုးနိုင်စွမ်းကို မြင့်တက်စေခဲ့ပြီး ရန်သူထံမှ လက်တွေ့ကျသော အာမခံချက်များ ရယူနိုင်သည့် အဆင့်သို့ ရောက်ရှိစေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်အသံနှင့် ရုပ်မြင်သံကြားဌာန၏ အစီရင်ခံချက်အရ စအီးဒ် ဂျလီလီသည် အထူးသတင်းဆွေးနွေးခန်းအစီအစဉ်တွင် ပါဝင်ပြောကြားရာ၌ ကမ္ဘာ့နိုင်ငံရေးစနစ်အတွင်း ဆယ်စုနှစ်များစွာ တည်ရှိခဲ့သည့် မတရားသော အခြေအနေများသည် ယခုအခါ ဆုတ်ယုတ်ပျက်စီးလာသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းအခြေအနေများကို စိန်ခေါ်ရာတွင် အီရန်ပြည်သူများသည် ရှေ့ဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

၎င်းက အမေရိကန်သည် အီရန်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် သယံဇာတအရင်းအမြစ်များကို အစဉ်တစိုက် ထိခိုက်စေရန် ကြိုးပမ်းခဲ့ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများ၊ စစ်ရေးခြိမ်းခြောက်မှုများနှင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အီရန်ပြည်သူများ၏ ခုခံနိုင်စွမ်းကို မချိုးဖျက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့အပြင် ယခင်က အမေရိကန်နှင့် ဥရောပနိုင်ငံများသည် အီရန်ထံမှ နျူကလီးယားဆိုင်ရာ ကတိကဝတ်များကို လက်တွေ့ကျကျ အာမခံပေးရန် တောင်းဆိုခဲ့ကြသော်လည်း ၎င်းတို့ကိုယ်တိုင် ပေးခဲ့သည့် ကတိများကို လိုက်နာခြင်းမရှိခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ အထူးသဖြင့် နျူကလီးယားသဘောတူညီချက် (JCPOA) မှ အမေရိကန်တစ်ဖက်သတ် နုတ်ထွက်ခဲ့သည့် ဖြစ်ရပ်သည် ယင်းအချက်ကို ထင်ရှားစေကြောင်း ပြောဆိုခဲ့ပါတယ်။

စအီးဒ် ဂျလီလီက ရက်ပေါင်း ၄၀ ကြာ စစ်ပွဲအတွင်း ရန်သူများသည် အီရန်ကို အချိန်တိုအတွင်း အနိုင်ယူနိုင်မည်ဟု တွက်ချက်ခဲ့သော်လည်း အီရန်၏ ခုခံမှုကြောင့် ၎င်းတို့၏ ရည်မှန်းချက်များ မအောင်မြင်ခဲ့ကြောင်း၊ ယခုအခါ အီရန်သည် ဟော်မုဇ်ရေလက်ကြားကဲ့သို့သော မဟာဗျူဟာမြောက် နေရာများတွင် မိမိ၏ အခွင့်အရေးများကို ကာကွယ်နိုင်သည့် အင်အားရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် အီရန်သည် စစ်ပွဲအရိပ်အောက်မှ အပြီးတိုင် လွတ်မြောက်နိုင်ရန်နှင့် ရန်သူက ထပ်မံတိုက်ခိုက်လိုသော်လည်း မတိုက်ခိုက်နိုင်သည့် အဆင့်ဖြစ်သော အပြည့်အဝ ဟန့်တားနိုင်စွမ်း (Absolute Deterrence) ကို ရရှိရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောဆိုခဲ့ပါတယ်။

အမေရိကန်၏ နိုင်ငံရေးပါတီများ အပြောင်းအလဲဖြစ်ခြင်းသည် အီရန်အပေါ်ထားရှိသည့် ရန်လိုသော မူဝါဒများကို ပြောင်းလဲစေမည်မဟုတ်ကြောင်း၊ ထို့ကြောင့် အီရန်အနေဖြင့် မိမိ၏ အမျိုးသားအင်အား၊ သိပ္ပံနှင့် နည်းပညာစွမ်းရည်၊ ပြည်သူများ၏ စည်းလုံးညီညွတ်မှုတို့ကို အခြေခံကာ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

နောက်ဆုံးတွင် အီရန်သည် ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ကာ တရားမျှတမှုအခြေခံသည့် ကမ္ဘာ့စနစ်သစ်တစ်ရပ် ပေါ်ပေါက်လာရေးတွင်လည်း တက်ကြွစွာ ပါဝင်သင့်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အခြားလွတ်လပ်သောနိုင်ငံများ၏ အလားအလာများကို အသုံးချသင့်ကြောင်း စအီးဒ် ဂျလီလီက အလေးထားပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha