အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဂါဇာရှိ Tasnim သတင်းဌာန ၏ သတင်းထောက် အာယာ ဂျူဒဟ်၏ သတင်းပေးပို့ချက်အရ ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင် အသက်ဘေးနှင့် ရင်ဆိုင်နေရသော လူနာများဖြင့် စောင့်ဆိုင်းစာရင်းများ ပြည့်နှက်နေချိန်တွင် ဂါဇာရှိ နှလုံးရောဂါဝေဒနာရှင်များသည် စစ်ပွဲ၏ အခြားဆိုးကျိုးများနှင့်လည်း ရင်ဆိုင်တိုက်ပွဲဝင်နေရပါတယ်။
ဂါဇာရှိ ကွဒ်စ်ဆေးရုံတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော နှလုံးသွေးကြောဓာတ်မှန်ရိုက်စက်သည် နှလုံးရောဂါဝေဒနာရှင်များစွာအတွက် အသက်ရှင်သန်နိုင်ရန် နောက်ဆုံးမျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဂါဇာစစ်ပွဲ စတင်ချိန်မှစ၍ အစ္စရေးအစိုးရ၏ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများ ထိခိုက်ပျက်စီးခဲ့ရပြီး နှလုံးသွေးကြောဓာတ်မှန်ရိုက်စက် ခြောက်လုံးမှာလည်း အသုံးမပြုနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။ လက်ရှိတွင် ပါလက်စတိုင်းလခြမ်းနီအသင်းနှင့် သက်ဆိုင်သော ကွဒ်စ်ဆေးရုံ၌ စက်တစ်လုံးသာ အသုံးပြုနိုင်တော့ကြောင်း သိရပါတယ်။
အင်ဂျင်နီယာများသည် အဆိုပါစက်ကို ပြုပြင်ပြီး ပြန်လည်လည်ပတ်နိုင်ရန် အကြိမ်ကြိမ် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါတယ်။ နောက်ဆုံးတွင် စက်ကို ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး အကူအညီမဲ့နေသော လူနာအများအပြားကို ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရန် တစ်ခုတည်းသော အားထားရာ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ဒေါက်တာ အဟ်မဒ် နဆာရ်၊ နှလုံးရောဂါနှင့် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်းဆိုင်ရာ အထူးကုဆရာဝန်က တက်စ်နင်းမ်သတင်းထောက်အား ယခုကဲ့သို့ ပြောကြားခဲ့ပါတယ်။

“ကွဒ်စ်ဆေးရုံရှိ နှလုံးသွေးကြောဓာတ်မှန်ရိုက်စက်၏ အစိတ်အပိုင်း ၉၀ ရာခိုင်နှုန်းခန့်မှာ လက်တွေ့အားဖြင့် ပျက်စီးနေခဲ့ပါတယ်။ ပထမအကြိမ် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုလှိုင်းလုံးကြီးအပြီးမှာ ဒီစက်ကို ပြုပြင်နိုင်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းအင်ဂျင်နီယာတွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ပြုပြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ ဂါဇာဒေသမှာ ရရှိနိုင်တဲ့ ကိရိယာနဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ပြုပြင်ခဲ့ကြတာပါ။ အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် စက်ကို ပြန်လည်ပြုပြင်နိုင်ခဲ့တဲ့အတွက် နှလုံးသွေးကြောဓာတ်မှန်ရိုက်ခြင်း လုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ခဲ့ပါတယ်။”
ဂါဇာတွင် နေထိုင်သော နှလုံးရောဂါဝေဒနာရှင် အာသဖ် ရှာဟီးန်သည် နှလုံးသွေးကြောဓာတ်မှန်ရိုက်ကုသမှု ခံယူနိုင်ရန် ခက်ခဲကြမ်းတမ်းသော အခြေအနေများအောက်တွင် တစ်နှစ်ပြည့် စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံး၌ သူ၏ အလှည့်သို့ ရောက်ရှိလာခဲ့ပါတယ်။
သူ၏ ဖြစ်ရပ်သည် နှလုံးသွေးကြောဓာတ်မှန်ရိုက်ကုသမှု လိုအပ်နေသော အခြားလူနာ ၅၀၀ နှင့်အတူ ရှည်လျားသော စောင့်ဆိုင်းတန်းကြီးများအတွင်း စောင့်ဆိုင်းနေရသည့် လူနာရာပေါင်းများစွာ၏ အခြေအနေကို ထင်ဟပ်ဖော်ပြနေပါတယ်။
အဆိုပါ ပါလက်စတိုင်းလူနာက ယခုကဲ့သို့ ပြောကြားခဲ့ပါတယ်။
“နှလုံးသွေးကြောဓာတ်မှန်ရိုက်စက် တစ်လုံးတည်းသာ ရှိပြီး လုပ်ဆောင်နိုင်စွမ်းလည်း အကန့်အသတ်ရှိနေတဲ့ အခြေအနေမှာ ကျွန်တော့်အလှည့် မရောက်ခင် ဒါမှမဟုတ် ခွဲစိတ်ကုသမှု လုပ်ဆောင်နေစဉ်အတွင်း စက်ပျက်သွားမှာကို အရမ်းကြောက်ခဲ့ပါတယ်။
ဘာကြောင့်လဲဆိုတော့ စက်ပစ္စည်းတွေ အလွန်ရှားပါးနေပြီး ဆရာဝန်ပြောခဲ့သလိုပဲ ဒီစက်ဟာ ဂါဇာကမ်းမြောင်ဒေသမှာ ရှိတဲ့ တစ်ခုတည်းသော နှလုံးသွေးကြောဓာတ်မှန်ရိုက်စက် ဖြစ်နေလို့ပါ။
ဒီစက်တစ်လုံးတည်းနဲ့ လူနာတွေရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ကမ္ဘာတစ်ဝန်းလုံးက ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေနဲ့ ကိရိယာပစ္စည်းတွေ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်လည်း ဒီတစ်လျှောက်လုံး ဆေးဝါးတွေကိုသာ မှီခိုပြီး အသက်ရှင်နေခဲ့ရတာပါ။”
ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများ၏ ခွဲစိတ်ခန်းများအတွင်း ဖိအားများပြားမှုနှင့် နှလုံးသွေးကြောဓာတ်မှန်ရိုက်စက်များ ရှားပါးမှုတို့ကြောင့် လူနာများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ထို့အပြင် ကုသမှုခံယူရန် အချိန်သတ်မှတ်ပေးမှု နောက်ကျခြင်းသည်လည်း လူနာများ၏ အသက်ကို ခြိမ်းခြောက်နေသည့် သေစေနိုင်သော အန္တရာယ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ကမ္ဘာကြီး၏ အသိတရားနှင့် လူသားချင်းစာနာမှုစိတ်ဓာတ်များ နိုးကြားလာစေရန် မျှော်လင့်ချက်ဖြင့် အကူအညီပေးကြရန် အဆက်မပြတ် တောင်းဆိုမေတ္တာ ရပ်ခံနေကြပါတယ်။
နောက်ဆုံးကျန်ရှိနေသော နှလုံးခုန်သံလေးပါ တိတ်ဆိတ်ငြိမ်သက်မသွားမီ ကမ္ဘာကြီး၏ အသိတရား နိုးကြားလာစေရန် သူတို့ မျှော်လင့်နေကြကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment