အဟ်လေ့ဘိုက်(အ.စ)သတင်း ဌာန ၊ အဗ်နာ ။ ။ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီး ဆုံးရှုံး ခဲ့ရသော လူနေ အိမ်များကို ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီက ပြုလုပ်သော မီဒီယာ များနှင့် တွေ့ဆုံပွဲ တွင် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန်က ပြောသည်။
“အရင်ဆုံးလူနေအိမ်တွေကို ပြန်ဆောက်ပြီး စာသင်ကျောင်း တွေကိုလည်း ပြန်ဆောက်ပေးမှာ ပါ စေတီ ပုထိုးနဲ့ သာသနိက အဆောက်အအုံတွေကို စစ်ဆေးပြီး ပြန်လည်ပြုပြင်ဖို့ အတွက် မူလ အလှူရှင် တွေကို မေးကြည့်မယ်၊ လှူနိုင်ရင် လှူပေါ့။ အဆင်မပြေမှ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ စီစဉ်ပြီးပြန် လည် ဆောက်လုပ် သွားမှာပါ”ဟု ပြောသည်။
အဆောက်အအုံများ ဆောက်လုပ်ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အားလုံး တစ်ပြေးညီ တည်ဆောက်ပေးမည်ဖြစ်သည့်အတွက် တန်ဖိုးနည်း အိမ်ရာများကို ဆောက်ပေးမည် ဖြစ်ကြောင်း၊ တန်ဖိုးနည်း အိမ်ရာဆောက်လုပ်မှုကို ရက်မသတ်မှတ်ရသေးသော်လည်း အမြန်ဆုံးတည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း ရှင်းလင်းပွဲတွင် ပြောကြားသည်။
နိုဝင်ဘာ ၁၁ ရက်က လှုပ်ခတ်သွားသော ငလျင်ကြောင့် စဥ့်ကူးမြို့တွင် လူနေအိမ်(အလုံး လိုက်ပြို ကျမှု)တစ်လုံး၊ နံရံ၊ အုတ်တံတိုင်း၊ အမိုးပြိုကျ ၄၁ လုံးစုစုပေါင်း လူနေအိမ် ၄၂ လုံး၊ စာသင်ကျောင်း လေးကျောင်း ၊ ဌာနဆိုင်ရာအဆောက်အအုံ ထိခိုက်မှု ၅၁ စု ပုဂ္ဂလိက အဆောက်အအုံပျက်စီးမှု ၁၆ ခု၊ သပိတ်ကျင်းတွင် ဌာနဆိုင်ရာ အဆောက်အအုံ ပျက်စီးမှု ၅၃ ခု၊ သာသနိက အဆောက်အအုံ ၂၁ ခု၊စာသင်ကျောင်းနှင့် လူနေအိမ်ပျက်စီးပြိုကျမှု ၁၇၂ လုံးရှိကြောင်း ထုတ်ပြန်ချက်များ အရသိရသည်။