အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ
အသက် ၆၅ နှစ်အရွယ် အပေါ်အဖြူ၊ အောက်အဖြူဝတ်ဆင်ထားသည့် ကျနော့်ဘကြီး ဦးရွှေလှအောင်သည် လက်တစ်ဖက်က စိတ်ပုတီးကိုကိုင်၍ ကျန်တဖက်က တောင်ဝှေးကို ကိုင်ပြီး တရွေ့ရွေ့လာနေသည်ကို မြင်နေရသည်။ ကျနော်၏အိမ်ခြံဝင်းထဲသို့ ၀င်မည်အလုပ် ငကျားဟုခေါ်သောခွေးထီးက မဲမ ဟုခေါ်သော ခွေးမကို ဂဲ ဂဲ ဟူသောအသံဖြင့် ရန်မူမည်လုပ်နေသည်။ မဲမ မှာ ကိန်ကိန် ဟူသောအသံနှင့်အတူ မြေကြီးပေါ် သို့လှဲချလိုက်ပြီး အော်သံ မဆုံးတော့ပေ။ မဲမမှာ မာယာများကြောင်း၊ အော်သံသည် ဆယ်မိနစ်ခန့်ဆက်တိုက် အော်တတ်ကြောင်းကို အိမ်နီးချင်းများကပါ သိနှင့်ပြီးသားမို့ မဲမ အော်သည်ကို မည်သူမျှဂရုမထားတော့ချေ။ မာန်ဖီနေသော ငကျားနှင့် ပက်လက်လန်နေသော မဲမ တို့ကို ဘကြီးမြင်လိုက်ရာ သနားကြင်နာတတ်သော၊ ဂရုဏာကြီးမားသော၊ တရားမျှတသည့်စိတ်ရှိသော ကျနော်၏ ဘကြီးမှာ ငကျား၏ ကျောပြင်ကို တောင်ဝှေးဖြင့် ဆော်လိုက်ပါတော့သည်။ ငကျားမှာ မထင်မှတ်သောရိုက်ချက်ကြောင့် လှဲကျသွားရာမှ အားကုန်သုံးပြီး ထပြေးသည်။ ငကျားသည် ကိန် ကိန် ဟူသောအသံကို လုံးဝမထွက်အောင် အံခဲထားသည်ဟုထင်သည်။ ဘာမှအော်မြည်ခြင်းမရှိ။ ကျနော်၏ဘကြီးသည် ပါလာသောကိတ်မုန့်တစ်လုံးကို မဲမရှေ့သို့ချကျွေးလိုက်သည်။ မဲမ မှာ ကိတ်မုန့်ကိုစားနေသည့်ကြားကပင် ကိန် ဟူသောအသံကိုဆွဲပြီး အော်ပြထားသေးသည်။ ဘကြီးက ကျနော့်ကိုလှမ်းပြီး မင်းတို့ ဒီငကျားကို လွင့်ပစ်လိုက်ပါလား၊ ဒီအိမ်မှာ မထားနဲ့ စသဖြင့် ဂရုဏာဒေါသဖြင့် အော်သည်။
ကြင်နာတတ်သော ဘကြီး၏လုပ်ရပ်သည် မှန်လော၊ မှားလော ကျနော် ကိုယ့်ကိုယ်ကိုမေးမိသည်။ မဲမ ၏ စရိုက်နှင့် အလေ့အထကို သေချာဂဏစွာ မလေ့လာဘဲနှင့် မဲမ ၏ ပြင်ပအမူအရာဟန်ပန်ကိုကြည့်ပြီး ဘကြီးအလွယ်တကူ ဆုံးဖြတ်လေသလား။ ငကျား၏ စရိုက်ကို ကျနော်တို့နှင့်အတူ အိမ်နီးချင်းများကပါ သိကြသည်။ …………………………………………………………………………………………………………………………………………
ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် သနားကြင်နာမှု၊ ကိုယ်ချင်းစာနာမှုတို့ဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် ကျနော့်ဘကြီးကဲ့သို့ ပြင်ပ သဏ္ဍာန်တစ်ခုထဲကိုကြည့်ပြီး မဆုံးဖြတ်ဘဲ ထိုထိုသောအကြောင်းအရာတို့၏ အတွင်းသဏ္ဍာန်တို့ကိုပါ ကြည့်ပြီးမှဆုံးဖြတ်သင့်ပေသည်။ ဤမျှကြီးကျယ်သော အဖွဲ့အစည်းကြီးများသည် ကျနော့်ဘကြီးကဲ့သို့ ငကျား အပေါ်ထားသော ဒေါသ နှင့် မဲမ အပေါ်ထားသော စေတနာတို့သည် ဘကြီးက မှန်သည်ထင်နေသော်လည်း ကျနော်နှင့်အတူမြင်နေကြသော မိသားစုဝင်များ၊ အိမ်နီးနားချင်းများအဖို့ ဘကြီးလုပ်ရပ်မမှန်ဆိုတာကို မြင်နေသည်၊ သိနေသည် မဟုတ်ပါလား။
********************************************
ခုရေးခဲ့တာက ကျနော်ဖတ်ခဲ့ရတဲ့ `ပစ္ဆိမရပ်ဝန်း´ ဆိုတဲ့ မဂ္ဂဇင်းတစ်အုပ်က ဆောင်းပါးတစ်ပုဒ်မှစာပိုဒ်တစ်ပိုဒ် ပါ။ ဒီလောက်လေးဖတ်လိုက်တာနဲ့ ဘာစာအုပ်မှန်းမသိသေးရင်တောင် ဘယ်အကြောင်းအရာကို ဦးတည်နေ သလဲဆိုတာ စာဖတ်သူတို့ သတိထားမိမယ်ထင်ပါတယ်။
ကျနော့်အမြင်ကို ပြောရရင်`ပစ္ဆိမရပ်ဝန်း´မဂ္ဂဇင်းမှာ ရေးသားထားတဲ့ ဆောင်းပါးတွေအားလုံးနီးပါးက မွတ်ဆလင်မုန်းတီးရေး၊ အထူးသဖြင့် ရခိုင်ဒေသမှမွတ်ဆလင်များကို ဆန့်ကျင်မောင်းထုတ်ရေးကို ဦးတည်ပြီး လှုံ့ဆော်ရေးသားထားတာတွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲက `ရိုဟင်ဂျာဆိုသည်´မှာ ဆောင်းပါး၊ `ဧည့်သည်မမည်´ဆောင်းပါး၊ `လူ လူ ဟစ်တယ်´ ဆောင်းပါး၊ `ရိုဟင်ဂျာဆိုသူတို့အပေါ် ဒေသခံတို့ အမြင်´ဆောင်းပါး၊ `သနားစရာ အရေခြုံ´ ဆောင်းပါးနဲ့ တခြားဆောင်းပါးအများစုဟာ ဘူးသီးတောင်-မောင်းတောဒေသမှာနေထိုင်တဲ့ ရိုဟင်ဂျာမွတ်ဆလင်များအပေါ် ဆိုးဆိုးဝါးဝါးမုန်းတီးဆန့်ကျင်ကာ အဓိကရုန်း ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားထားတဲ့ ဆောင်းပါးတွေလို့ပဲ ကျနော်မြင်တယ်။
အဲဒီလိုမျိုး ဒေသတွင်းရှိဘာသာခြားလူမျိုးစုတစ်စုအပေါ် ဆန့်ကျင်နှိမ့်ချရေးသားထားတဲ့ မဂ္ဂဇင်းတစ်ခုမှာ ဦးဆောင်ပါဝင်နေတဲ့သူတွေက အဲဒီဒေသကိုလက်ရှိအုပ်ချုပ်နေသော ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာရှိကြီး များကိုယ်တိုင်ဖြစ်နေတဲ့အပြင် ၊ ဘုန်းကြီးတွေလည်း ပါဝင်နေပါတယ်။ ဒါထက်ပိုထူးခြားတာက စာပေလွတ်လပ် ခွင့်တင်းကြပ်လွန်းတယ် လို့ ခေတ်အဆက်ဆက် နာမည်ကြီးခဲ့သော မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့က ဒီလို လူမျိုးရေ၊ ဘာသာရေး အဓိကရုန်းဖြစ်အောင်လှုံ့ဆော်ထားတဲ့ မဂ္ဂဇင်းကို တရားဝင်ခွင့်ပြုချက် (အမှတ် – ၅၃၀၁၂၀၁၂၁၁) နဲ့ ထုတ်ဝေခွင့်ပြုခဲ့တာပဲ ဖြစ်တယ်။ အစိုးရပေါ်လစီတွေ နဲ့ စာပေစိစစ်ရေးဆိုတာက ကုလား မုန်းတီးရေးအတွက် ဆိုရင် Freedom of Right ကို အပြည့်အ၀လိုက်နာပုံ ပေါ်ပါတယ်။
ကျနော် ဒီစာအုပ်ကိုဖတ်မိတော့ ဖက်ဆစ်နာဇီတွေရဲ့
ဂျူးမုန်းတီးရေးဝါဒဖြန့်မှုအဖြစ် ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ၊ စာစောင်တွေကို
သွားစဉ်းစားမိတယ်။ မိတ်ဆွေတို့လည်း ဖက်ဆစ်နာဇီတွေရဲ့
လူမျိုးရေးမုန်းတီးမှုအတွက် ၀ါဒဖြန့်မှုတွေနဲ့ လက်ရှိမြန်မာပြည်က
ဝါဒမှိုင်းတိုက်မှုတွေ နှိုင်းယှဉ်ကြည့်နိုင်ဖို့ ရေးသား လိုက်ပါတယ်။
(၁)
`မြက်ခင်းလွင်ပြင်ဒေသက မြေခွေး နဲ့ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးတွေရဲ့ ဘယ်လိုကျိန်ဆိုတဲ့စကားပဲဖြစ်ဖြစ် မယုံနဲ့´
“မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေ ဘယ်တော့မှ မြက်မစားသလို၊ ဂျူးလူမျိုးဆိုတာလည်း ဘယ်လိုပဲ ကျိန်ဆိုပြောပါစေ ..ဘယ်တော့မှ ကတိမတည်ဘူး။ မြက်ခင်းလွင်ပြင်ဒေသက မြေခွေးတွေဟာ သူတို့ သားကောင်ကို ဖမ်းမိဖို့အတွက် မာယာအမျိုးမျိုးနဲ့ ချဉ်းကပ်ကြသလို ၊ ကမ္ဘာပေါ်မှာရှိသမျှ ဂျူးဆိုတဲ့လူမျိုး ဟာလည်း သူတို့ပတ်ဝန်းကျင်ကလူတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့၊ တခြားသူတွေရဲ့ ဥစ္စာပစ္စည်းတွေကို အချောင်သိမ်းပိုက်ဖို့၊ ဂျာမန်မိန်းမပျိုးလေးတွေကို သိမ်းပိုက်ဖို့ နည်းမျိုးစုံနဲ့လိမ်လည်လှည့်ဖျားလေ့ရှိတယ်။”
ဒီလိုစိတ်ဝင်စားစရာကောင်းအောင် အစချီထားတဲ့စာအုပ်ဟာ ဖက်ဆစ်နာဇီရဲ့ ဂျူးဆန့်ကျင်ရေးဝါဒဖြန့်ချိဖို့ ရည်ရွယ်ချက်ဖြင့် ထုတ်ဝေခဲ့တဲ့ ကလေးဖတ်စာအုပ်သုံးအုပ်ထဲက ပထမဦးဆုံးတစ်အုပ်ဖြစ်တယ်။ နာမည်ကြီး သတင်းစာတိုက်နဲ့စာအုပ်တိုက်ပိုင်ရှင် ဂျူးလီယပ်စတွိုက်ချာရဲ့ `ဒါ စတားမား´စာအုပ်တိုက်မှ ၁၉၃၅ ခုနှစ်မှာ အုပ်ရေတစ်သိန်းကျော်ထုတ်ဝေခဲ့ပြီး ကျောင်းသုံးဖတ်စာအုပ်အဖြစ်ပင် ပြဌာန်းခဲ့ပါတယ်။ အဲဒီစာအုပ် ရေးသားသူ အဲလ်ဗီရာဘေယာ က အသက် ၁၈ နှစ်အရွယ် အနုပညာကျောင်းသူ တစ်ယောက်သာဖြစ်ပါတယ