အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ချောင်းသာ ကမ်းခြေအနီးရှိ ရွှေသောင်ယံ မြို့ နယ်ခွဲ အတွင်း ဝေလငါးသေ တစ်ကောင်ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ "ငါးကတွေ့တဲ့ အချိန်မှာ ပုပ်ပွနေပြီ၊ ပင်လယ်မှာ သေခဲ့တာပေါ့၊ အဲဒါ ပင်လယ်ထဲက မျောလာပြီး ဒီမှာ လာတင်နေတာ၊ အခုအဲဒီငါးကို အစောင့်အရှောက်နဲ့ထားပြီး အရိုးကျတဲ့အထိ စောင့်ယူဖို့ စီစဉ်ထား ပါတယ်" ဟု ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးကျော်မြင့်ကျော်က ပြောသည်။ ငါးသေတွေ့ရှိရသည့် နေရာမှာ ရွှေသောင်ယံမြို့နယ်ခွဲ မကျီးဇင်ကျေးရွာနှင့် ဂျိုင်လယ်ကျေးရွာအနီး ဘုရားတောင်နှင့် ကျောက်မောင်နှမကြားရှိ ကျောက်ဖျာပေါ်တွင်ဖြစ်ပြီး ပင်လယ်ပြင်အတွင်း သေဆုံးပြီး လှိုင်းပုတ်ကာ လာတင်နေခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။ သေဆုံးနေသည့်ငါးမှာ ဝေလငါးပြာ အမျိုးအစားဖြစ်ပြီး အရှည် ၃၆ ပေ၊ လုံးပတ် ၁၆ ပေ၊ အောက်မေးရိုး ကိုးပေ၊ ရှေ့ရေယက် သုံးပေ၊ အမြီးတစ်ဖက်ကို ၄ ဒသမ ၅ ပေရှည်ပြီး ငါးမှာအထီးဖြစ်ကြောင်း သိရသည်။ သက်ဆိုင်ရာ ငါးဦးစီးဌာနက အဆိုပါ ဝေလငါးသေကို ခွေးများ လာရောက်စားသောက်ဖျက်ဆီးခြင်း မပြုနိုင်ရန် ပိုက်များကာရံပြီး အစောင့်အရှောက်ဖြင့် ရက်ပေါင်း ၃၀ ပြည့်သည်အထိ ထိန်းသိမ်းထားမည် ဖြစ်ကြောင်း သိရသည်။ ထိန်းသိမ်းထားစဉ် ကာလအတွင်း ဝေလငါးသေအား မွေးမြူရေးဆိုင်ရာ တက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများ လာရောက် လေ့လာကြမည် ဖြစ်ပြီးရက်ပေါင်း ၃၀ ကျော်ပြီးနောက် အရိုးခြစ်ယူကာ မှတ်တမ်းပြု ထိမ်းသိမ်းသွားရန် စီစဉ်ထားကြောင်း တိုင်းငါးလုပ်ငန်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်