အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ မြန်မာပြည် အနှံ့အပြားတွင် မကြာခဏ ဖြစ်ပေါ် နေသော ပဋိပက္ခ များသည် သွေးရိုးသားရိုး မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေး အရ အမြတ် ထုတ်လိုသူ လူတစ်စု၏ လုပ်ကြံဖန်တီး ထောင်ချောက် ဆင်မှုက များနေပြီး အမှန်တကယ် ဖြစ်သည့် ကိစ္စ အလွန် နည်းပါး သည်ဟု ရွှေဝါရောင် သံဃာတော်များ ကွန်ရက်က မတ်လ ၂၁ ရက်၌ ထုတ်ပြန်သော အများ ပြည်သူသို့ အသိပေး ချက်တွင် ဖော်ပြထားသည်။

"ပဋိပက္ခ တွေကို ပြန်ကြည့်ရင် ကလေးတွေ စာမေးပွဲ ဖြေတဲ့ အချိန်၊ သံဃာတွေ စာမေးပွဲ ဖြေတဲ့အချိန်၊ ကလေးတွေ ကျောင်းဖွင့်တဲ့ အချိန်တွေမှာ ဖန်တီး နေကျ ဖြစ်တယ်။ မိတ္ထီလာ ကိစ္စဆိုရင်လည်း ကျောင်းသားတွေ စာမေးပွဲ ဖြေနေတဲ့ အချိန်ဖြစ်တယ်။ ဒါတွေကို တွေးကြည့်ရင် မရိုးသား ဘူးဆိုတာ သိသာပါတယ်"ဟု ရွှေဝါရောင် သံဃာတော်များ ကွန်ရက်မှ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သော ဦးပြည်ကျော်က မိန့်သည်။

 

ထို့ကြောင့် ပဋိပက္ခ များသည် အများပြည်သူ တို့၏ အသက် အိုးအိမ် စည်းစိမ် တို့ကို ထိပါး လာနိုင် ပါသဖြင့် မည်သည့်အကြမ်းဖက် အဖျက် လုပ်ငန်း များတွင် မဆို လုံးဝ မပါဝင် ကြရန် မေတ္တာ ရပ်ခံ ပါကြောင်း မတ်လ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်သော အများ ပြည်သူသို့ အသိ ပေးချက်တွင် ဖော်ပြထားသည်။

 

မိတ္ထီလာ မြို့တွင်ဖြစ်ပွားသော ပဋိပက္ခနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသား များအဖွဲ့က မတ်လ ၂၀ ရက် ညတွင် အရေးတကြီး ထုတ်ပြန်သော သဘောထား ထုတ်ပြန် ချက်၌ ကိုမင်းကိုနိုင် ကလည်း "ကျွန်တော် တို့ဟာ ဘယ်သူတွေ ဘယ်လိုပဲ သွေးထိုး လှုံ့ဆော်မှု တွေက အခြေခံ ခဲ့ပါစေ ရာဇ၀တ်မှု တစ်ခုဖြစ်ပြီ ဆိုရင် ရာဇ၀တ်မှု အတိုင်းပဲ ရှုမြင် သုံးသပ်ဖို့ လိုပါတယ်။ တရားဥပဒေ စိုးမိုးရေး အတွက် ၀ိုင်းကူညီ ကြဖို့ လိုတယ်။ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက် အကောင်အထည် ဖော်ရမယ့် ပုဂ္ဂိုလ်တွေ ကလည်း ဒါကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖို့ လိုတယ်။ ရဲရဲတင်းတင်း ကိုင်ဖို့ လိုတယ်။

 

အဲဒါကို မကိုင်တွယ် နိုင်ဘူး ဆိုရင် ချက်ချင်း လူမျိုးရေး၊ ဘာသာရေး ပုံစံကို ခေါင်းစဉ်ပြောင်း တပ်လိုက်မယ့် ပယောဂ လှုံ့ဆော်မှု တွေက ကျွန်တော်တို့ တိုင်းပြည်မှာ တကယ် ရှိနေတယ်။ ကျွန်တော်တို့ ဒါကို ပွင့်ပွင့်လင်းလင်း ပြောကြ ရတော့မယ်။ မိတ္ထီလာ ကိစ္စ ရက်ပိုင်း အတွင်းမှာ ငြိမ်းအေး သွားတယ်ပဲ ထားလိုက်။ နောက်ထပ် ပြည်ထောင်စုရဲ့ တစ်နေရာမှာ ပုံစံ တစ်မျိုးနဲ့ သွေးထိုး လှုံ့ဆော်ပြီးတော့ အဓိကရုဏ်း တွေဖန်တီးမယ့် ခြေရာလက်ရာ တွေက အစောကြီး ကတည်းက ကျွန်တော်တို့ မြင်ထား ပြီးသား။ အချိန်တန် နေပြီ ဖြစ်တဲ့ အတွက် ထုတ်ပြောမှ ဖြစ်တော့မယ်။ လူသားတွေ ရှိနေသရွေ့ ပြဿနာတွေ ရှိနေမှာပဲ။ ရှိတဲ့ ပြဿနာကို ရှင်းတဲ့ နည်းက တရားဥပဒေ စိုးမိုးရေး နည်းလမ်းနဲ့ပဲ ရှင်း သင့်ပါတယ်။ စစ်အုပ် ချုပ်ရေးကို လက်ယပ ခေါ်တဲ့ အပြုအမူ မျိုးတော့ ကျွန်တော်တို့ လုံးဝ ခွင့်မပြု နိုင်ဘူး"ဟု ပြောကြား ခဲ့သည်။