အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ မိုးညှင်း မြို့နယ်၌ လူတစ်ဦးက သံဃာယောင် ဆောင်၍ ပဋိပက္ခ ဖြစ်အောင် ကြိုးပမ်းမှုကို အချိန်မီ ထိန်းသိမ်း လိုက်နိုင်ကြောင်း မြို့နယ် သံဃာ့နာယက အတွင်းရေးမှူး ဆရာတော် ဦးဉာဏောက မိန့်ကြားသည်။ ဖြစ်စဉ်မှာ မေ ၂၀ ရက်ည ၉ နာရီခန့်က မိုးညှင်း ဘူတာရုံ၌ သံဃာမှတ်ပုံတင် မရှိသော အတုအယောင် သံဃာတစ်ပါး အရက်သေစာ သောက်စားပြီး ရမ်းကားနေ၍ မိုးညှင်းမြို့နယ် ပညာရာမ ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော်က သွားရောက် ခေါ်ဆောင်ခဲ့ပြီး မြို့နယ်ရဲ စခန်းတွင် အပ်နှံခဲ့သည်။
ယင်းအချိန်တွင် မြို့ခံမဟုတ်သော သူစိမ်းတစ်ဦးက ဆိုင်ကယ် အပြင်းမောင်းနှင်လျက် သံဃာ တစ်ပါးအား လူအချို့မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း လိုက်အော်ခြင်းကြောင့် လူအများစု ဝေးမိကာ ပညာရာမ ကျောင်းတိုက်သို့ ရောက်ရှိချိန် တွင် သတင်းကြား၍ အခြေအနေကို ထိန်းသိမ်းရန် လာရောက်သော ရဲများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ပညာရာမကျောင်းမှ ဆရာတော် တစ်ပါးက မိန့်ကြားသည်။
“လူတချို့က တုတ်တွေကိုင်ပြီး ကျောင်းကိုစောင့်နေတဲ့အချိန်မှာ အရင်ဆုံးရောက်လာတဲ့ ရဲတွေက ယူနီဖောင်းဝတ်မထားဘဲ ၀င်ဖမ်းတော့ ရုန်းရင်းဆန်ခတ်စဖြစ်တာ၊ ယူနီဖောင်းဝတ်ရဲတွေ ရောက်လာပြီး ပညာရာမကျောင်းတိုက် ဆရာတော်ကလည်းဝင်ဖြေရှင်းပေးလို့ ပြေလည်သွားတာ”ဟု ဦးဉာဏောက မိန့်သည်။ “အခြေအနေက တည်ငြိမ်သွားပါပြီ။ ပြဿနာ ထပ်မဖြစ် အောင်လည်း စောင့်ကြပ်နေပါတယ်။ မြို့ရဲ့အခြေအနေကတော့ တည်ငြိမ်ပါတယ်”ဟု မိုးညှင်းရဲစခန်းမှ ဒုရဲ အုပ် စောအောင်ဝင်းဝင်းက ပြော သည်။
မိုးညှင်းဘူတာတွင် ထိန်းသိမ်း ခဲ့သော သံဃာအတုအယောင်မှာ ရခိုင်ပြည်နယ်ဘက်မှ လာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်နှင့် မြို့ပေါ်ရပ်ကွက်များသို့ ပတ်ကာပဋိပက္ခဖြစ်ရန် လှုံ့ဆော် သွားသူကိုလည်း ရဲစခန်းနှင့် မြို့နေလူထုက စုံစမ်းနေကြောင်း သတင်းရရှိသည်။