၂၅ မေ ၂၀၁၃ - ၁၉:၃၀
ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်၊ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒလိုင်းလားမားနှင့် ဝီရသူ

ဆောင်ပုဒ် အရွေးတော်သော ကုလသမဂ္ဂ။

ရေလှူသည့် အကျိုး ၁၀ ပါးရှိသည်ဟု ဟောကြားထားသော ဗုဒ္ဓဘာသာ ထွန်းကားသည့် မြန်မာနိုင်ငံ၌ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ မေတ္တာသုတ်ရွတ်ဆိုပွဲတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသော သံဃာတော်များနှင့် ထိုသံဃာတော် များထံ ရေသန့်ဘူး ကပ်လှူခဲ့သော အစ္စလာမ် ဘာသာဝင်များကို သာသနာ ညစ်နွမ်းစေမှု ပုဒ်မ တတ်၍ ထောင်ဒဏ် ၂ နှစ် လျှော့ရက်မရှိ ချ၏။ ထိုသံဃာတော်တို့သည် သံဃာအတုအယောင်များဖြစ်သည်ဟု န.အ.ဖ အစိုးရက သမုတ်၏။

ရခိုင်၊ မိတ္ထီလာ၊ ပဲခူး အနောက်ခြမ်း ဘာသာရေး ပဋိပက္ခများတွင် တုတ် ဓါး လက်နက် ကိုင်ဆွဲ၍ ပါနာတိပါတာကျူးလွန်ခြင်းဖြင့် ပါရာဇိတကံ ကျရောက်နေသော သံဃာတော်များကို ပြုပြင်ပြောင်းလဲရေး အမည်ခံ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကာ အကွယ်  ပေး၏။

ကမ္ဘာတွင် နာဇီလက်သစ်ဟု နာမည်ဆိုးနှင့် ကြော်ကြားနေသော ၉၆၉ ဂိုဏ်း စတစ်ကာကို ခွာသူများ အား သာသနာ ညစ်နွမ်းစေမှု ပုဒ်မဖြင့် ထောင်ဒဏ် ၂နှစ် အပြစ်ပေးသောကြောင့် ထိုပုဒ်မဖြင့် အပြစ်ပေးခံရသူ များကို နိုင်ငံရေး သမားအဖြစ် သတ်မှတ်သင့်၏။

`        ထိုသို့သော အခြေ အနေတွင် ဗုဒ္ဓသာသနာကို ညစ်နွမ်းစေသည့် တရားခံ အစစ်အမှန်ကို သိသော ကုလသမဂ္ဂသည် အလွန် အဓိပ္ပါယ် ပြည့်ဝသော ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို ချမှတ် ပြဌာန်းလိုက်ပါသည်။

သာဓု သုံးကြိမ်ခေါ်ပါသည်။   

၂၀၁၃ ခုနှစ်၊ ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနား၏ ဆောင်ပုဒ်မှာ (Education and Global Citizenship: A Buddhist Perspective) ဟူ၍ဖြစ်သည်။ လူသားတွေကို မှား မှန်၊ ဆိုးကောင်း၊ ချင့်ချိန်နိုင်ဖို့ ပညာဥာဏ် ဖွံ့ဖြိုး ခြင်း (Education) နှင့် ဇာတိဒေသပထဝီဝင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာ၊ လိင်၊ ရာထူး၊ ဆင်းရဲ ချမ်းသာ စသည် ဖြင့် မခွဲခြားဘဲလူသားအားလုံး ကမ္ဘာ့ မိသားစု တစ်ခုတည်းအဖြစ် ချစ်ချစ်ခင်ခင် အတူတကွ နေထိုင် ခြင်း (Global Citizenship) တို့သည် ခွဲခြားမရဘဲ တစ်သားတည်း ဒွန်တွဲနေပါသည်ဆိုသော အယူအဆသည် ဂေါတမဗုဒ္ဓ၏ အမြင်၊ ဗုဒ္ဓ၏ ဒဿန၊ ဗုဒ္ဓ၏ တရား​ဓမ္မ တစ်ခုသာ ဖြစ်သည် ဟုဆောင်ပုဒ်က ဆိုလေသည်။

ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။

ထိုဆောင်ပုဒ်ကိုဖတ်ရှုပြီးသောအခါ ဥာဏ်ပညာအားဖြင့်သာ မတူကွဲပြားသူများအကြား ယှဉ်တွဲနေထိုင် နိုင်မည်ဟုနားလည်ပါသည်။ ပညာဥာဏ် မရင့်သန်သော၊ တနည်းအားဖြင့် ဥာဏ်ပညာအမြှော်အမြင်(Wisdom) မလွှမ်းမိုးသော ပတ်ဝန်းကျင်တွင် ကမ္ဘာ့လူသား တို့သည် မိသားစုတစ်ခုတည်းအသွင် ဖွဲ့ရန် မဖြစ်နိုင်ဟုအဓိပွါယ် ရသော ဗုဒ္ဓနေ့ ဆောင်ပုဒ်ကို လောဂျစ်နည်းဖြင့် အနုလုံ ပဋိလုံ အပြန်အလှန် စဉ်းစားတွေးခေါ်ကြည့်သော် လူမျိုးရေး၊ ဘာသာ ရေး ပဋိပက္ခများမကြာခဏ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံသည် မည်သို့သော နိုင်ငံမျိုးအဖြစ် ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားနေမည်နည်း။

ဒေါက်တာစိုင်းမောက်ခမ်း ပြောသောဗုဒ္ဓ၏ မေတ္တာပမာဏ အတိုင်းအတာ။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် မေ ၂၂ နံနက်ပိုင်းတွင် ကုလသမဂ္ဂ အဖွဲ့ရုံး၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ (ကဆုန်လပြည့်နေ့) အထိမ်းအမှတ် အခမ်းအနား ဒုတိယနေ့သို့ တက်ရောက် မိန့်ခွန်းပြော ကြားရာတွင် လူသားအားလုံးသည် တစ်ခုတည်းသော ကမ္ဘာသူ ကမ္ဘာသား မိသားစု အမြင်များ ရှိလာကြရန် အမှန် တကယ်လိုအပ်ပါကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမများမှာ အတ္တကိုပယ်ဖျောက်ရန် သွန်သင်ဆုံးမထားပါကြောင်း မိမိတို့ နှင့်အတူအမြဲရှိနေသော ဒုက္ခကိုလည်း ရှုမြင်ရမည်ဖြစ်ပါကြောင်း၊ အသေအချာ ဆန်းစစ်ကြည့်လျှင် ဗုဒ္ဓ၏ အဆုံး အမများသည် အသားအရောင်၊ ကျား မ၊ ယုံကြည်မှုနှင့် လူမှု အဆင့်အတန်းမရွေး ကမ္ဘာ့လူသားအားလုံးအပေါ် တူညီစွာ လွှမ်းခြုံထားသည့် မေတ္တာတရားများပင် ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

မည်သည့်ဘာသာဝင်မျှ ငြင်းဆိုရန် မရှိသောဒဿန (Universal Truth) နှစ်ခု။

သင်ယူပါ၊ သင်ပေးပါ၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ပါဟု အဓိပ္ပါယ်ရသော ပရိယတ္တိ၊ ပရိပ္ပတ်၊ ပရိဝေဒ သာသနာ့တာဝန်ကြီး သုံးရပ် ပြဌာန်းထားသည့်အတွက်လည်းကောင်း၊ ပညာ၊ သဒ္ဒါ၊ သမ္မာ၊ ဝိရိ ဟူသော သုတ္တံ တရားများအရလည်းကောင်း၊ ဗုဒ္ဓသည် ပညာရေး (Education) ကိုလိုလားသူ၊ အားပေးသူဖြစ်ကြောင်း လေ့လာ ဘူးသူတိုင်း သိရှိပြီးဖြစ်၍ တစ်စုံတစ်ရာ ငြင်းဆိုရန် မရှိပါ။

ဤနေရာတွင် ပညာဆိုသည်မှာ အမှား အမှန်၊ အကောင်းအဆိုးကို ပိုင်းခြားဝေဖန်နိုင်သည့် ဥာဏ်ပညာ (Wisdom) ကိုဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဘာသာရေးပညာ တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ ဥပဒေပညာ၊ လူ့အခွင့်အရေး ပညာ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ စီးပွားရေးပညာ၊ ပထဝီ သမိုင်းစသည် ပညာရပ် အသီးသီးကိုဆိုလိုသည်ဟု နားလည်ပါသည်။

လူ့ဘုံ ၁ ခုတည်းကိုသာမက ငရဲ ၄ ဘုံ၊ နတ်ပြည် ၆ ဘုံ၊ ဗြဟ္မ ဘုံ၂၀ ရှိ နတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ထည့်သွင်းစဉ်းစားသော ဗုဒ္ဓသည် လူသားအားလုံးအပေါ် မခွဲမခြား မေတ္တာထား သည် ဆိုသည့် အချက်ကိုလည်း မည်သူမျှ ငြင်းရန်၊ သံသယဝင်ရန် အကြောင်း မရှိပါ။

သံသယဝင်သည်မှာ ဗုဒ္ဓဘာသာ အမည်ခံ ၉၆၉ ဂိုဏ်းသား နာဇီ သံဃာတို့၏ လူသားတို့ အပေါ်တွင် ထားရှိပါသည် ဆိုသည့် မေတ္တာ တရားကိုသာ ဖြစ်၏။

မည်သူမပြု မိမိမှု။

ဗုဒ္ဓ၏ ကမ္ဘာ့မိသားစုတစ်ခုဝါဒ (Global Citizenship) ကိုဆန့်ကျင်၍ အိမ်များ၊ စီးပွားရေးလုပ်ငန်းများ နှင့် အငှားယာဉ်များတွင် စီးပွားရေးပိတ်ဆို့လိုသော၊ ကမ္ဘာ့မိသားစုအကြား ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက် ဖြင့် စတစ်ကာများ လိုက်လံကပ်နေကြသော ဝီရသူနှင့် အပေါင်းအပါများ တည်ထောင်ထားသည့် ၉၆၉ ဂိုဏ်းသား များသည် ဗုဒ္ဓဘာသာဝင်များ မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓ သင်ပြလမ်းညွှန်ခဲ့သော ဥာဏ်ပညာမျိုး မရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ လက်တွေ့တွင် ထိုအုပ်စုသည် ကမ္ဘာပေါ်၌ ပေါ် ထွန်းသမျှ ဘာသာတရားများအကြား ဗုဒ္ဓဘာသာ၏ ပုံရိပ် (Image) ကိုကျဆင်းစေသည် အထိ ဗုဒ္ဓဝါဒကို ဆန့် ကျင် နေသူများ ဖြစ်ပေသည်။

ကုလသမဂ္ဂ ဗုဒ္ဓနေ့ ဆောင်ပုဒ်တွင် ဥာဏ်ပညာအခြေခံဖြင့်သာ လူသားအားလုံးသည် ကမ္ဘာ့မိသားစု တစ်ခု တည်း အသွင် ဖေါ်ဆောင်နိုင် မည် ဟုဆို၏။

ပညာဥာဏ် မရှိသောဝီရသူ၏ ဘာသာရေးလူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ပေါ်ပေါ်ထင်ထင် လှုံ့ ဆော်နေမှုကို မသိချင်ယောင် ဆောင်နေကြသော အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ပညာဥာဏ် အဆင့်အတန်းသည် မည်သို့ရှိမည်ကို စာရှုသူ အနေဖြင့် ခန့်မှန်းကြည့်နိုင်ပါသည်။ ထိုမှတဖန် ထိုသူတို့ အုပ်ချုပ်သော မြန်မာနိုင်ငံ၏ အနာဂတ်ကို မှန်းဆ ကြည့်ပါက တိုးတက်မှုဗလာနှင့် ဆုတ်ယုတ်မှု အန​န္တ ကိုသာ တွေ့ရပါလိမ့်မည်။

ခရိုနီတို့၏ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို လက်မခံဘဲလွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိသည့် ဈေးကွက် စီးပွား စနစ် ကျင့်သုံးနေပါသည် ဆိုသော မြန်မာနိုင်ငံတွင် ၉၆၉ ဂိုဏ်းသားများသည် စီးပွားရေး ပိတ်ဆို့မှုများကို တရား ဝင် လုပ်ဆောင်ခွင့် ရကြ၏။

အသေဝနာစ ဘာလနံ၊ ပူစာစ ပူဇနေယနံ၊ ပါရာဇိတကံ၊

အြ