အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ မွတ်စ်လင်မ်နိုင်ငံများ အနေဖြင့် ဗိုလ်ကျစိုးမိုးသော အင်အားကြီးနိုင်ငံများကို ဆန့်ကျင်ရန် ညီညွတ်ချိန်တန်ပြီဖြစ်ကြောင်းနှင့် မွတ်စ်လင်မ် လူ့အဖွဲ့အစည်းများ အကြား ကွာဟချက်ဖြစ်ပေါ်နေပါက ဇီယွန်ဝါဒီ တို့အတွက် ပူးပေါင်းကြံစည် လုပ်ပိုင်ခွင့်ကို ဖန်တီးပေးရာရောက်ကြောင်း အီရန်တော်လှန်ရေးခေါင်းဆောင် အာယာသိုလာ အလီခါမေနီက တိုက်တွန်းပြောကြားလိုက်သည်။
“ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဟာ မွတ်စ်လင်မ်တွေကြားမှာ အပူတပြင်း လိုအပ်နေတဲ့ တာဝန်တစ်ရပ်ပါ” ဟု တီဟီရန်မြို့၌ ကျင်းပသော အကြိမ် ၃၀ မြောက် နိုင်ငံတကာ ကုရ်အာန်ကျမ်းမြတ် ရွတ်ဖတ်ပြိုင်ပွဲ၌ အာယာသိုလာ ခါမေနီက ပြောကြားသည်။
မွတ်စ်လင်မ် အွမ္မတ်ထုအတွင်း မညီညွတ်မှုနှင့် ခွဲခြားမှုတွေကြောင့် ဖြစ်ပေါ်လာသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ သွေးထွက်သံယိုမှုများနှင့် မျက်ကန်း အကြမ်းဖက်မှုများသည် ကပ်ဘေးတစ်ခုအဖြစ် ဆိုက်ရောက်ရုံမက ဇီယွန်ဝါဒီတို့၏ သိမ်းပိုက်ခံဘ၀ ကျရောက်နိုင်သည့် အလားအလာကို ပိုမို ဖန်တီးပေးရာ ရောက်ကြောင်း ခါမေနီက ထောက်ပြ ပြောဆိုသည်။
“ဒီနေ့အချိန်အခါဟာ မွတ်စ်လင်မ်နဲ့ အစ္စလာမ်နိုင်ငံတွေကို စမ်းသပ်မယ့် ကာလပဲ၊ မွတ်စ်လင်မ်နိုင်ငံတွေအနေနဲ့ လုံးဝ နိုးနိုးကြားကြားနဲ့ သတိဝီရိယ ရှိသင့်ပါတယ်”ဟု ၎င်းက သတိပေးပြောကြားသည်။
“အနောက်တိုင်းက မွတ်စ်လင်မ်ကမ္ဘာနဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေဟာ သူတို့ရဲ့ ရန်လိုတဲ့ အမူအယာတွေကို မွတ်စ်လင်မ်တွေအပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြကြပါတယ်၊ ဒါကြောင့် မွတ်စ်လင်မ် အွမ္မတ်ထုအနေနဲ့ မိမိတို့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ အင်အားတွေကို သစ်လွင်အောင်လုပ်ပါ။ အရေးကြီးဆုံး အင်အားကတော့ ညီညွတ်မှု၊ ဘက်စုံပေါင်းစည်းမှုနဲ့ ဘုံအကျိုးစီးပွားအပေါ် အခြေခံမှုတို့ဖြစ်ပါတယ်” ဟု ခါမေနီက ဆိုသည်။
အလားတူ ဖေဖော်ဝါရီလက တီဟီရန်၌ ကျင်းပခဲ့သော ၂၆ ကြိမ်မြောက် နိုင်ငံတကာ အစ္စလာမ့်ညီညွတ်ရေးကွန်ဖရင့်နှင့် တမန်တော်မွေးနေ့ အခမ်းအနား တို့တွင်လည်း အာယာသိုလာခါမေနီက မွတ်စ်လင်မ်နိုင်ငံများအကြား ညီညွတ်ခြင်းသည် တမန်တော်မြတ်ကြီး၏ အဓိက ရည်မှန်းချက်ပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မွတ်စ်လင်မ်ကမ္ဘာတွင် နိုးကြားလာသော အပြောင်းအလဲလှိုင်းကို ထောက်ပြပြီး ယင်းလှုပ်ရှားမှုများကို ပစ်မှတ်ထားကာ မွတ်စ်လင်မ်များ တစ်ဦးနှင့်တစ်ဦး ရန်လို တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်သော ကမ္ဘာ့ ရန်တိုက်ပေးမှုများကိုလည်း ထပ်လောင်း ဖွင့်ဟခဲ့သည်။
“ဒါကြောင့် မွတ်စ်လင်မ်ကမ္ဘာက သြဇာရှိသူတွေရဲ့ အဓိက တာဝန်ကတော့ ရန်သူရဲ့ လျှို့ဝှက်ကြံစည်မှုတွေကို ဖော်ထုတ်ဖို့နဲ့ အစ္စလာမ့် ညီညွတ်မှုဆောင်ပုဒ်ကို သရုပ်ဖော်ပြသနိုင်ဖို့ အတွက် အရေးတကြီး ကြိုးပမ်းသွားရမှာဖြစ်ပါတယ်” ဟု ခါမေနီက အထူးအလေးပေး ပြောကြားသွားခဲ့သည်။
FARS News Agency တွင် ဖော်ပြသော Supreme Leader Urges Unity among Muslims အား စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။