၁၅ ဩဂုတ် ၂၀၁၃ - ၁၉:၃၀
ဟာ့ဂ်ျဘုရားဖူး အချိန်မီစေလွှတ်ရေး ဝန်ကြီးဌာန တာဝန်ယူမည်မဟုတ်

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

ဟာ့ဂ်ျဘုရားဖူး ခရီးစဉ်အတွက် ခရီးသွား ကုမ္ပဏီများ ရွေးချယ်ရာတွင် အငြင်းပွားမှု ဖြစ်နေသောကြောင့် ၂၀၁၃ ခုနှစ်အတွက် ဟာ့ဂ်ျဘုရားဖူး ခရီးသည်များ အချိန်မီ စေလွှတ်နိုင်ရေးမှာ သာသနာရေး ဝန်ကြီးဌာနက တာဝန်ယူမည် မဟုတ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ယနေ့ သတင်း ထုတ်ပြန်သည်။ ဟာ့ဂ်ျဘုရားဖူး ခရီးစဉ်အတွက် ခရီးသွားကုမ္ပဏီများ ရွေးချယ်မှု၊ ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီနှင့် ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီတို့ကို တာဝန်ပေးအပ်ပြီး ဖြစ်သောကြောင့် ယင်းကော်မတီနှစ်ရပ်တွင်သာ တာဝန်ရှိကြောင်း အဆိုပါဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ယင်လထုတ်ပြန်ချက်တွင် ဆော်ဒီအာရေး ဘီးယားနိုင်ငံ မက္ကာမြို့တွင် အခမဲ့ နေထိုင်ခွင့်ရရှိမည့် ဘုရားဖူး ၃၅၀ အတွက် တင်ဒါခေါ်ယူရာတွင် စည်းမျဉ်း စည်းကမ်းနှင့် အညီ ရွေးချယ်ရေးနှင့် ဘုရားဖူးများ အချိန်မီ စေလွှတ်နိုင်ရေး တို့မှာ အထက်ပါ ကော်မတီနှစ်ခုနှင့်သာ သက်ဆိုင်ကြောင်း ထပ်လောင်းဖော်ပြထားသည်။ ရွေးချယ်ခံရသည့် ကုမ္ပဏီကို ဘုရားဖူး လုပ်ငန်းများ ဆက်လုပ်နိုင်ရန် ဆော်ဒီအာရေးဘီးယားနိုင်ငံ ဟာ့ဂ်ျဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဆော်ဒီသံရုံးများသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ထောက်ခံပေး သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်မှ သိရသည်။

ဟာ့ဂ်ျခရီးသွား တင်ဒါကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မကျသေးကြောင်း ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီမှ ဦးကျော်ခင်က ပြောကြားသည်။ ဟာ့ဂ်ျဘုရားဖူးခရီးသွား လုပ်ကိုင်နိုင်ခွင့်ကို ဇူလိုင်လ ၁၇ ရက်က အာရေးဗီးယန်းဟာ့ဂ်ျ ခရီးသွား ကုမ္ပဏီကို ရွေးချယ်ခဲ့သော်လည်း အခြားဟာ့ဂ်ျ ခရီးသွားလုပ်ငန်းများက ကန့်ကွက်ခဲ့ပြီး ဘုရားဖူးများ အတွက် ဈေးနှုန်းသက်သာသော ကုမ္ပဏီသစ်များ ပါဝင်လာနိုင်ရေး၊ ဘုရားဖူးများ အချိန်နှင့်တစ်ပြေးညီ စေလွှတ်ရေးနှင့် ပတ်သက်၍ ပြန်လည်ညှိနှိုင်း ဆွေးနွေးကာ ဝန်ကြီးဌာနသို့ အချိန်မီ တင်ပြသွားရန် ရန်ကုန်တိုင်း သာသနာရေးရုံးတွင် ဇူလိုင်လ ၂၇ ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းက ပြောကြားထားသည်။