၄ အောက်တိုဘာ ၂၀၁၃ - ၂၀:၃၀
မွန်ပြည်နယ် သံဃာများ မော်တော်ယာဉ်နှင့် ဆိုင်ကယ် မောင်းပါက အရေးယူမည်

  အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန၊အဗ်နာ  

လိုင်စင်မဲ့ ယာဉ်များကို သံဃာများထံ လှူဒါန်းမှုများ ရှိနေသော မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သံဃာတော်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက စက်တင်ဘာလမှ စတင်ကာ အရေးယူ မည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် အရှင်သာသနက The Voice သို့ မိန့်ကြားသည်။

 

မော်တော်ယာဉ် မောင်းနှင်သည့် သံဃာတော်များကို မွန်ပြည်နယ် သာသနာတော် ထိန်းသိမ်းအရေး အဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က စိစစ် ဖမ်းဆီးသွားမည်ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးခံရသည့် သံဃာများ လက်မှတ်ရေး ထိုးရမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထမ်မံ ဖမ်းဆီးခံရပါက မွန်ပြည်နယ် သံဃနာယက အဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်း များအတိုင်း အရေးယူမည် ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

 

မွန်ပြည်နယ် အတွင်းတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းနေသည့် သံဃာ အတုအယောင်များ ရှိနေခြင်းကြောင့် ယင်းသို့စီစဉ်ရခြင်း ဖြစ်ကြောင်း အရှင်သာသနက ဆိုသည်။ ဖမ်းဆီးခြင်းခံရသည့် သံဃာများကို မော်တော်ယာဉ် တည်ဆဲဥပဒေအရသာ အရေးယူသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

လိုင်စင်မဲ့ ယာဉ်မောင်းနှင်သည့် သံဃာများကို သွင်းကုန်ထုတ်ကုန် ဥပဒေ ဖြင့် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ မွန်ပြည်နယ်တွင် ဘုန်းကြီးကျောင်း ၂၈၁၃ ကျောင်းနှင့် သံဃာပေါင်း ၇၇,၇၀၇ ပါးရှိကြောင်း မွန်ပြည်နယ် သံဃနာယက အဖွဲ့ထံမှ သိရှိရသည်။